(ရသစာတမ်း)
နိုဝင်ဘာ ၄၊ ၂၀၂၅။
စက်ဘီးနင်းလာရင်း လမ်းဘေးဝဲယာတစ်လျှောက်က အဝါရောင်ပန်းပွင့်ပန်းခိုင်လေးတွေကို ကြည့်ငေးနေမိ၏။
ပန်းရဲ့ရနံ့ကတော့ ကျွန်တော့်အထင် စိမ်းဆတ်ဆတ်ကလေးပါပဲ။ စောပွင့်တဲ့အပင်တွေက သီတင်းကျွတ်လလောက်ကတည်းက ပွင့်နေကြသည် ထင်၏။
ဘာရယ်မဟုတ် မဲဇလီပင်တန်းကိုကြည့်ငေးရင်း အခုလို တန်ဆောင်မုန်းလ၊အထူးသဖြင့် တန်ဆောင်မုန်းလပြည့်ညမှာ တပျော်တပါးစားခဲ့ရတဲ့ မဲဇလီဖူးသုပ်အရသာလေး ပြန်တွေးနေမိပြန်သည်လေ။
အဲဒီတုန်းက ကျွန်တော်တို့ရွာကလေးမှာ လျှပ်စစ်မီးတွေ ရောက်မလာသေးဘူးပေါ့။ အခုကာလလို ကမ္ဘာကြီးကို လက်ဝါးပေါ်တင်လို့ သိချင်တာကြည့်ချင်တာတွေကို လက်ညှိုးလက်မလေးနဲ့ခေါ်ခွင့်/ကျော်ခွင့်ရနေတဲ့ လက်ကိုင်ဖုန်းဆိုဝေးလို့၊ ရုပ်မြင်သံကြားဆိုတဲ့ စကားကြားတောင်မကြားဘူးသေး။ ထားတော့။
ရွာကလေးမှာ တန်ဆောင်မုန်းလပြည့် ညဦးပိုင်းရောက်ပြီဆို ရေနံဆီမီးအိမ်ကြီးတွေလက်ကဆွဲပြီး မဲဇလီပင်တန်းတွေ ဘက်သွားကြပြီ။ အိမ်တွေမှာလည်း မြေအိုးကြီးတွေနဲ့ ရေနွေးတည်တဲ့သူကတည်နှင့်လို့ပေါ့။ မဲဇလီဖူးသုပ်ထဲထည့်ဖို့ မြေပဲဆံကြော်သူကကြော်၊ ထောင်းသူကထောင်းကြပေါ့လေ။ မဲဇလီဖူးခူးတဲ့အဖွဲ့မှာဆိုလည်း ခူးတဲ့အဖွဲ့ အဖူးသင်တဲ့အဖွဲ့ ဆန်ကောတွေနဲ့ထည့်ပြီး ပျာတဲ့အဖွဲ့ တောင်းတွေနဲ့ထည့်ပြီး သယ်တဲ့အဖွဲ့ဆိုပြီး အဖွဲ့လိုက်လုပ်ကြတာပေါ့။ ည ၁၂ နာရီအမီလုပ်ကြတာဆိုတော့ ဆောင်းကူးညထဲ ချွေးတစိုစိုလို့ ဆိုရမှာပါပဲ။
ကျွန်တော်တို့ ကလေးတသိုက်ကတော့ ရွာလမ်းမတစ်နေရာမှာ ထုတ်ဆီးတိုးတန်းကစားရင်း ည ၁၂နာရီကို စောင့်နေကြတာပါပဲ။ တန်ဆောင်မုန်း လပြည့်ဝန်းကြီးကလည်း တိမ်ကင်းထိန်လင်းလို့။
လူကြီးမိဘတွေက ည ၁၁ နာရီလောက်ရောက်လာရင် ကျွန်တော်တို့ကလေးတွေကို အချက်ပေးပြီ။ ကျွန်တော်တို့ ကလေးတသိုက်လည်း ကစားပွဲကိုရပ်ပြီးဘုန်းကြီးကျောင်းဘက် ပြေးကြတာပဲ။ ခန္ဓာကိုယ်က ဖုံအလိမ်းလိမ်းကို ရေဆေးသန့်စင်ဖို့အတွက်လေ။ ဘုန်းကြီးကျောင်းမှာ ရေတွင်းကြီးရှိတော့ အဲဒီမှာရေဆွဲပြီး ဆေးကြကြောကြတာပါပဲ။ အခုခေတ်လို လက်ပုတ်တွင်းတွေ မထွန်းသေးတဲ့ကာလတွေ။
လူကြီးမိဘတွေကတော့ ရေနွေးကြမ်းခါးခါးကြီးတွေ တဂွပ်ဂွပ်သောက်ရင်း ည ၁၂ နာရီကိုစောင့်ရင်း ရာသီဥတုအကြောင်း လုပ်သီးကိုင်စာအကြောင်း စကားပြောနေကြတာပေါ့။
ကျွန်တော်တို့ကလေးတသိုက်ရဲ့အလယ်မှာ သံဇလုံကြီးနဲ့ မဲဇလီဖူးသုပ်တွေကမြေပဲဆံရနံ့ တထောင်းထောင်းနဲ့ ဆွဲငင်အားကောင်းနေလေရဲ့။ ဒါပေမယ့်လူကြီးမိဘတွေရဲ့စကားအရ ည၁၂နာရီမထိုးမချင်းမစားရဲကြဘူး။ ဇွန်းတွေကိုင်ပြီးထိုင်နေရတယ်။ ည ၁၂ နာရီမှ ဆေးပေါင်းခ ဆေးဘက်ဝင်သတဲ့လေ။ လူကြီးတွေက ရပြီဟေ့ဆိုတာနဲ့ ကျွန်တော်တို့တွေ တစ်ယောက်တစ်ဇွန်းစားကြရော။ ပြီးတော့ လမင်းကြီးကိုမော့ကြည့်ရင်း ဆုတွေလည်းတောင်းကြပေါ့။ တချို့ကလေးတွေဆို နွယ်မြက်သစ်ပင်ဆေးဘက်ဝင်တယ်လို့ လူကြီးတွေကပြောထားတော့ ခဝဲသီးနုကလေးတွေ၊သရက်ရွက်နုကလေးတွေ၊ မြက်နုနုကလေးတွေတောင် ခူးစားကြတာ။
ည ၁၂နာရီကျော်လို့ ၁နာရီလောက်ကျတော့ လူပျိုအပျိုတွေ မီးအိမ်တွေဆွဲပြီးထွက်သွားကြပြန်ရောလေ။ ဘယ်သွားကြတာလည်းဆိုတော့ “ပံ့သကူ”ကောက်ရအောင်သွားကြတာတဲ့။ ပံ့သကူပစ်တဲ့သူက ည ၁၂ နာရီလောက် ပစ်ကြတာတဲ့လေ။
အခုခေတ်အခါမှာတော့ မဲဇလီဖူးသုပ်စားတဲ့ ဓလေ့လေးကျန်ကောင်းတယ် ဆိုရုံသာပါပဲ။ ကိုယ်တိုင်ခူးကြတယ် ဆိုတာထက်ရပ်ထဲရွာထဲ ဈေးထဲမှာရေနွေးဖျောပြီးရောင်းနေကြတာကို ဝယ်လိုက်ကြတာပါပဲ။
တခါသား တန်ဆောင်မုန်းလပြည့်ညကြီး ပြည်တန်ဆောင်တိုင်ကပြန်လာတာ၊ မြို့ထဲလမ်းဘေးဝဲယာတစ်လျှောက် လူအုပ်ကြီးတန်းစီလို့လေ။ အမှတ်တမဲ့ဆိုတော့ ဘယ်သူဘယ်ဝါလာမယ် ပြောလို့လာကြိုနေကြသလိုလို။ လူအုပ်ကြီးကနှစ်ဘက်၊ လမ်းမကို ညှပ်ထားသလိုကြီး။ အိမ်စီးကား လှလှလေးတွေမြင်ရင်လက်တွေကို ကိုယ်စီထုတ်ရင်း”ချခဲ့ပါ ချခဲ့ပါ”လို့အော်နေလိုက်ကြတာ။ ကားတစ်စီးက လူအုပ်နဲနဲကြဲတဲ့နေရာမှာဆတ်ကနဲရပ်ပြီး ဖြတ်ကနဲကြဲချသွားတယ်။ လူအုပ်ကြီးကဝုန်းကနဲအလဲလဲအပြိုပြို။
ဘုရား ဘုရား။ ဒီဓလေ့ဆိုးကြီးကို အဘယ်သူများ ကြဲချစိုက်ပျိုးခဲ့တာပါလိမ့်။ပံ့သကူဆိုတာ ပံ့သုကူဆိုတဲ့ပါဠိစကား၊ အဓိပ္ပါယ်က ပိုင်ရှင်မဲ့ပစ္စည်း ပါတဲ့လေ။ပံ့သကူပစ်တဲ့သူက မည်သူမည်ဝါရပါစေရယ်လို့ မရည်ရွယ်ပါပဲ၊ တိတ်တဆိတ်ပြုလုပ်တဲ့အလှူ။ အခုကာလ ဖြစ်ပျက်နေပုံတွေက ကိုယ်အပျော်ရှာဖို့ရာအတွက် အခြားသူများလုယက်စားသောက်စေတာများလား။ အဲသလို လုယက်သတ်ပုတ်စေအောင် ပြုလိုက်ရမှ ကိုယ်ကျေနပ်ပျော်ရွှင်ချင်ကြတာလား။ စဥ်းစားမိတာပါလေ။
တကယ်တန်းတော့ တန်ဆောင်မုန်းလပြည့်ညမှာ လမင်းကြီးကိုကြည့်ငေးရင်း ခါးစိမ့်စိမ့် မဲဇလီဖူးသုပ်ကလေးနဲ့ကလေးဘဝ ကျွန်တော့်ရွာကလေးကို လွမ်းနေမိတဲ့အကြောင်း ပြောချင်တာပါ။
ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay