ပန်းတောင်း၊ ရခိုင်ရိုးမတိုက်ပွဲတွေကနေ စကမစစ်သား ၃၀ ဦး ထွက်ပြေး၊ ဖမ်းဆီးခံရ

🟥 အများစုမှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး ၁၈ နှစ်အောက်နဲ့ အထက်တန်းကျောင်းသား အရွယ်တွေပါဝင်

နိုဝင်ဘာ ၁၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမတိုက်ပွဲတွေကနေ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေဟာ အလံဖြူထောင်တာ၊ ထွက်ပြေးတာ အပြင်လက်ရဖမ်းဆီးရမိသူ ၃၀ ဦးရှိခဲ့တယ်လို့ အာရက္ခတပ်တော်-AA ကသတင်းထုတ်ပြန်ပါတယ်။

အဲဒီအာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၈/၉/၁၀ ရက် ၃ ရက်တာအတွင်းမှာ ထွက်ပြေးအညံ့ခံဖမ်းဆီးခံရတာတွေဖြစ်ပြီး ဥသျှစ်ပင်မြို့၊ မသုန် ကပစ(၁၆) အနီးတိုက်ပွဲကနေ စကခ(၁၀) လက်အောက်ခံ ခမရ(၃၆၁) နဲ့ ခမရ(၃၆၃) တပ်ရင်းတွေကနေ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၂၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ရိုးမ၊ ညောင်ကျိုးကျေးရွာအရှေ့ဘက်မီတာ(၂၅၀၀) အကွာ လေလာတောင်အနီးတိုက်ပွဲတွေကနေ နိုဝင်ဘာ ၈/၉ ရက်နေတွေမှာ စကခ(၁၀) လက်အောက်ခံ ခမရ(၃၆၈) တပ်ရင်းတခုတည်းက အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း (၁၀) ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အောက်တိုဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး နဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာတွေအနီး ပတ်ဝန်းကျင်တွေကနေ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ထွက်ပြေးလာပြီး အာရက္ခတပ်တော်ထံတွင် ဖမ်းဆီးခံရသူ (၂၀) ကျော်နဲ့ လက်နက်ချ အလင်းဝင်ရောက်သူ (၂၀) ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုအလင်းဝင်ရောက်လာသူတွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်မရှင် တပ်ဖွဲ့ဝင်တွေ အားလုံးနီးပါးဟာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်မရှင်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခံရပြီး စစ်သင်တန်းဆင်းကာ အချို့မှာ (၁၈) နှစ် မပြည့်သေးတဲ့သူတွေနဲ့၊ အထက်တန်းတက်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these