KTV ကပြန်လာချိန် အဖမ်းခံလိုက်ရတဲ့ ကံမမြို့က ပြည်သူ့စစ်ခေါင်းဆောင် နဲ့ အတွင်းရေးမှူး သေဆုံး

နိုဝင်ဘာ ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြကြီးလမ်း မှာ ပြည်သူ့စစ်ခေါင်းဆောင် နဲ့အဖွဲ့ မောင်းနှင်လာတဲ့ Double Cab အဖြူရောင်ကား ကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

အဲဒီပစ်ခတ်မှုမှာ ပြည်သူ့စစ်အမာခံတပ်သား အောင်မြိုင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းဆောင် အောင်ဝင်း နဲ့ အတွင်းရေးမှူးရဲအောင် တို့ကို ပကဖ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

“ပျူစောထီးခေါင်းဆောင် ဦးအောင်ဝင်းနဲ့ အတွင်းရေးမှူးရဲအောင် တို့မှာ ဒဏ်ရာရသွေးထွက်လွန်ပြီး စစ်ဆေးမေးမြန်းရင်းသေဆုံးခဲ့ပါသည်” လို့ ကံမမြို့နယ် ပကဖ က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပစ်ခတ်မှုအပြီး ဖုန်းနဲ့သက်သေခံတွေကို သိမ်းဆည်း ကားကိုမီးရှို့ဖျက်ဆီးခဲ့ကာ အောင်ဝင်းနဲ့ ရဲအောင် တို့ (၂) ဦးတို့ကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်က ဥသျှစ်ပင်မြို့ KTV ကနေပြန်လာတဲ့ အောင်ဝင်းနဲ့ အဖွဲ့ စီးနင်းလာတဲ့ Double Cab ကားကို ကံမမြို့အဝင် ၁၄ မိုင်လမ်းဆုံမှာ ပစ်ခတ်ခဲ့တာပါ။

“သေတာက သာစည်က အောင်မြိုင်၊ သူလည်း သစ်မှုဝရမ်းနဲ့ပဲ။ အောင်ဝင်းကပြည့်သူ့စစ်ခေါင်းဆောင်၊ သူ့ကိုအရှင်ဖမ်းသွားတာ။ ကြို့ပင်နဲ့ ကံမနယ်မှာ အောင်ဝင်း၊ မင်းတုန်းနယ်မှာ ဖိုးပြား ပြည်သူ့စစ်ခေါင်းဆောင်နာမည်ကြီး။ ပီဒီအပ်တွေ အရှင်လိုချင်နေတဲ့သူတွေ” လို့ ဒေသခံတဦးက ဒို့ပြည် ကို ယမန်နေ့က ပြောပါတယ်။

အောင်ဝင်းနဲ့ အောင်မြိုင် တို့ဟာ NLD အစိုးရလက်ထက်မှာ သစ်မှုနဲ့ ဝရမ်းထုတ်ခံထားရသူတွေဖြစ်ပြီး စစ်အာဏာသိမ်းချိန််မှာ ပြန်လည် ခေါင်းထောင်လာကာ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်ခဲ့သလို စစ်မှုထမ်း တပ်သားတွေကို စုဆောင်းပေးပို့နေသူလို့ ဒေသခံတွေက ဆိုပါတယ်။

“သစ်ပွဲစား၊ သစ်ကုန်သည်လူရှုပ်လူပွေတဦးပါပဲ။ စစ်မှုထမ်းပသစ အဖြစ်သူ့ရွာက လူ ၂၀ ကို တပြိုင်တည်းစစ်ထဲသွင်းတဲ့ပွဲ အခမ်းအနားနဲ့လုပ်တာ မုန်ဟင်းခါးကျွေးတာ။ အခုတော့ အရှင်မိသွားတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

အောင်ဝင်း ဟာ ပြည်သူ့စစ်စုဆောင်းရေးကို လစဉ်လုပ်ဆောင်ပြီး ပေါ်တာဆွဲတာ၊ ငွေကြေးကောက်ခံတာ၊ ငွေညှစ်ပြီး စစ်ကော်မရှင်ထောက်တိုင် လက်ကိုင်တုတ် အဖြစ်လုပ်ဆောင်တာတွေ နဲ့ ရပ်တည်နေတာလို့ ကံမမြို့နယ် ပကဖ က ဖော်ပြထားပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these