ပြည်မြို့မှာ စစ်မှုထမ်းဖမ်းဆီးမှုပိုဆိုးလာ၊ နေ့ခင်းကြောင်တောင် ရိုက်နှက်ကားပေါ်ဆွဲတင်ကြ

🟥 ပျူစောထီးအေးမင်းနဲ့အဖွဲ့ က ပိုမိုရမ်းကားနေပြီး ဦးဆောင်ဖမ်းဆီး

နိုဝင်ဘာ ၁၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့လယ်လမ်းမပေါ်တွေမှာပါ နေ့ခင်းကြောင်တောင် စစ်မှုထမ်းဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ရိုက်နှက်ကာ ကားပေါ်ကို ဆွဲတင်နေကြတယ်လို့ မျက်မြင်တွေ့နေရသူ မြို့ခံတွေက ဒို့ပြည် ကို သတင်းပေးပါတယ်။

ပြည်မြို့၊ ဆယ်ထပ်ကြီးနောက်ကျောလမ်း၊ ကိုးသောင်းစျေး၊ စျေးကြီးကုန်စိမ်းတန်း၊ မင်္ဂလာဦးရပ်ကွက်၊ မြို့သစ်စျေးလမ်း၊ အမှတ်(၅) ကျောင်းရှေ့၊ မြို့သစ် ၁၇ လမ်း၊ ၁၄ လမ်း၊ သိန်းမေတ္တာလမ်း၊ အောင်ဆန်းရပ်ကွက် ဆေးရုံကြီးနောက်ကျောလမ်း၊ ရွှေတံခါးရပ်ကွက်၊ မာန်အောင်လမ်း တို့မှာ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့ခင်းမှာပဲ အောင်ဆန်းရပ်ကွက်၊ မင်းပေါင်းစုတည်ဘုရားဘေး မှာ လမ်းလျှောက်လာတဲ့ လူငယ် (၂) ဦးကို ကားနဲ့ဆွဲတင်သွားတယ်လို့ မျက်မြင်တွေ့ခဲ့သူ မြို့ခံက ပြောပါတယ်။

“ဆေးရုံနောက်ကျောလမ်းမှာ နေ့တိုင်းပါနေတယ်။ လူတွေကလည်း မသိကြဘူး။ သွားတဲ့သူကသွားတုန်းပဲ။” လို့ သူက ဆက်ပြောပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း ခေတ္တရာမြို့သစ်အမှတ်(၅) ကျောင်းရှေ့မှာ ပဲပြုတ်လိုက်ပို့တဲ့ မောင်ဘိုဘို ကို အရပ်ဝတ်လက်နက်ပါ စစ်သားတွေက ၄ ချက်ခန့်ရိုက်နှက်ပြီး ၉၅၉ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

” နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်က ၁၇ လမ်းက ၂၃ နှစ်အရွယ် မောင်ဝင်းထိုက်ကျော်ကို အဝေးပြေးဂိတ်မှာ ကားလက်မှတ်ဖြတ်ဖို့ သွားတာ ဖမ်းသွားပါတယ်။ သူက ပထမတခါဖမ်းတုန်းကလည်း ၉၅၉ ကို သိန်း ၇၀ ပေးခဲ့ရတယ်” လို့ မြို့ခံတဦးကလည်း ဒို့ပြည် ကို ပြောပါတယ်။

အလားတူ ၁၇ လမ်းက မောင်ဇေယျာ ဆိုတဲ့ လူငယ်ကိုလည်း သိန်းမေတ္တာလမ်းထိပ်အသုပ်ဆိုင်မှာ အသုပ်စားနေစဉ် ပြည်သူ့စစ်တွေက ဖမ်းဆီးပြီး ၉၅၉ တပ်ထဲကိုပဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“မင်္ဂလာဦးရပ်ကွက်မှာလည်း စစ်–တွေဆွဲသွားတာ။ ကိုးနာရီဝန်းကျင်ပဲရှိသေးတယ်။ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်လာကြပြီး တွေ့သွားတော့ အသက်မေးပြီး ခဏလိုက်ခဲ့ပါအုံးဆိုပြီး ရိုက်နှက်လက်ထိပ်ခတ်ပြီး ခေါ်သွားတာ သိန်း ၆၀ ပေးရင်လွတ်ပေးမယ် ပြောတာ မရှိတဲ့အခြေခံအလုပ်သမားတွေပါဆို ဘယ်ပိုက်ဆံရှိပါ့မလဲ ငိုကြွေးနေယုံပဲပေါ့” လို့ မြို့ခံအမျိုးသမီးတဦးက ဒို့ပြည် ကို ပြောပါတယ်။

ဆယ်ထပ်ကြီးဘုရား နောက်ကျောလမ်း မှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုလည်း ဟိုက်ဂျက်ကားအဖြူနဲ့ ပေါ်တာဝင်ဆွဲခဲ့သေးတယ်လို့ ဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။

“သူတို့တွေမှာ သေနတ်တွေပါတယ်။ အဲအဖွဲ့ထဲမှာပါတဲ့သူနှစ်ယောက်နာမည်ကိုသိတယ်။ ဇော်ထွေး နဲ့ မင်းမင်း ပါ။ ပြည်မှာ ပေါ်တာအရမ်းဆွဲနေလို့ ပြည်သူတွေကို သတိပေးပေးပါအုံး။ လမ်းသွားလမ်းလာအလုပ်ပြန်တွေကအစ အဆွဲခံနေရပါတယ်။ တော်တော်ကိုဆိုးနေတာ” လို့ မြို့ထဲရပ်ကွက်မှာ နေထိုင်သူတဦးက ဒို့ပြည် ကိုပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးရမှာ အဓိကလုပ်ဆောင်နေသူကတော့ သန္ဓေပင် က အေးမင်း အဖွဲ့လို့ မြို့ခံတွေက ဒို့ပြည်ကို တညီတညွတ်တည်း ပြောဆိုထားပါတယ်။

“အေးမင်းဦးဆောင်တဲ့အဖွဲ့တွေက တအားကိုဆိုးနေတယ်ဗျာ။ ကျနော့မျက်စိရှေ့တင်ကားပေါ်တက်ဆိုပြီး ဂုတ်ဆွဲတင်သွားတာ။ ပါလာတဲ့ကောင်တွေကလည်း သန္ဓေပင်ထဲက အေးမင်းတပည့် ဂျလေဗီကောင်တွေချည်းပဲ လက်နက်ကိုင်ပြီးသောင်းကျန်းနေတာ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ မြို့ခံက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့တနေ့တည်းမှာပဲ ကိုးသောင်းစျေးရှေ့ မနေ့က မနက် ၄ နာရီခွဲလောက် (၂) ဆွဲခံရပြီး စျေးကြီးကုန်စိမ်းတန်းက ကုန်ထမ်းသမားလူငယ် ၃ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်ကလည်း မြို့သစ်စျေးကနေပြန်လာတဲ့ လင်မယားနှစ်ဦး ကို ၁၄ လမ်းထိပ်မှာ ကားတစီးနဲ့ စစ်သား (၄) ယောက်က တားဆီးကာ အမျိုးသားဖြစ်သူကို ဖမ်းဆီးကာ အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးပြီး တွေ့ချင်ရင် ၉၅၉ တပ်ထဲကို လိုက်ခဲ့လို့ ပြောသွားတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ကလည်း နေ့လည် ၁၂ နာရီလောက်ပဲရှိမယ်။ အလုပ်ကပြန်လာတဲ့ လူငယ်တဦးကို မာန်အောင်လမ်းမကြီးမှာ ကားတစီးနဲ့ရပ်ခိုင်းတာ ကောင်လေးက မရပ်ဘဲမောင်းပြေးတော့ နောက်ကနေ နံပါတ်ဒုတ်နဲ့နှစ်ချက်ရိုက်တာ။ ဆိုင်ကယ်လဲပြီး လူက မဂ္ဂင်ပေါက်ထဲကနေ တောထဲပြေးတာ လွတ်သွားတယ်။ ဆိုင်ကယ်နဲ့ ဖိနပ်တွေကျန်ခဲ့တယ်” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်မှုထမ်းတပ်သားတွေကို စစ်တပ်က အရေးတကြီးလိုအပ်နေပြီး ဝင်ရောက်သူမရှိတဲ့အတွက် အရည်အတွက်ပြည့်မီရေး အတင်းအကျပ်ဖမ်းဆီးနေတာ ဖြစ်သလို လူစားထိုး ရောင်းစားဖို့အတွက်လည်း ဇွတ်တရွတ် ဖမ်းဆီးနေကြတာပါ။

လက်ရှိမှာတော့ ပြည်မြို့နယ်အတွင်း အလုပ်အသွားအပြန်ပင် လမ်းပေါ်တက်ဖို့ ကြောက်လန့်နေကြပြီး အလုပ်အစောသိမ်းရတာ အလုပ်မသွားရဲကြတာတွေ ကြောင့် အောက်ခြေလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

ဓါတ်ပုံ-ပြည်သူ့စစ်ခေါင်းဆောင် အေးမင်း(ပေးပို့)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these