အညာဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသ တို့မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြည်သူ့အခြေပြုကြားကာလပညာရေးကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာရပ်စုံတက္ကသိုလ်ကို ပညာသင်ကြားဖို့ စေလွှတ်မယ်လို့ ဗကသများအဖွဲ့ချုပ် က သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ဒုတိယအဓိပတိဒုတိယအဓိပတိဒေါက်တာအောင်နိုင်သူ နဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
“အဓိကရည်ရွယ်ချက်ကတော့ တော်လှန်ရေးကာလမှာ အညာဒေသရဲ့ ပညာရေးကျန်းမာရေး ဆိုင်ရာ လူသားအရင်းအမြစ်ဆုံးရှုံးတာကို မျိုးဆက်အလိုက် မျိုးဆက်ပြတ်မှုကိုမြင်လာရတဲ့အချိန်မှာ ဒီလူသားအရင်းအမြစ် ပြတ်တာကော မျုိးဆက်ပြတ်တာကော အစားထိုးဖို့အတွက် ဒီတွေ့ဆုံဆွေးနွေးပွဲကို စီစဉ်ရတာဖြစ်ပါတယ်။” လို့ ဗကသများအဖွဲ့ချုပ် ဗဟို အမှုဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဒို့ပြည် ကိုပြောပါတယ်။
ဆွေးနွေးမှုတွေမှာတော့ ယနေ့မျက်မှောက်ကာလ ပညာရေးဆိုင်ရာအခြေနေတွေ၊အဆင်မြင့်ပညာဆက်လက်သင်ယူခွင့်အခြေနေတွေနဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
“အညာဒေသစစ်ကိုင်းမကွေးဒေသက ကျောင်းသူကျောင်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုကျောင်းတွေမှာ အခြေခံပညာအဆင့် တတ်မြောက်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေကို စေလွှတ်မှာဖြစ်ပါတယ်” လို့ ဗကသများအဖွဲ့ချုပ် ဗဟို အမှုဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဆက်ပြောပါတယ်။
ပညာသင်စေလွှတ်မှုအနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ G12 ပြီးပြီးသား ကျောင်းသူကျောင်းသားတွေကို စေလွှတ်တော့မှာလို့ သိရပါတယ်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ဟာ KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာ တည်ရှိတာဖြစ်ပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်တွေကို ဖွင့်လှစ်သင်ကြားနေပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/