“တစ်ဖက်ပြတ် အိပ်မက်ဆိုး” (လူမှုဘဝ)

“အဖေတစ်ယောက်ရဲ့ သူ့သားအပေါ် ထားတဲ့ရည်မှန်းချက်က သူလို စစ်သားမဖြစ်ရင်ပြီးရော ဘာဖြစ်လို့ သူ့မိန်းမက ပြန်ပြောလေတော့ စစ်သားအရင့်အမာကြီးတစ်ယောက်ရဲ့ စစ်တပ်အပေါ် သဘောထားကို ရွာကလူတွေ အံ့ဩကြတယ်။” (ကောက်စာ)
ဒီဇင်ဘာ ၁၊ ၂၀၂၅။
    သူ့နာမည် အောင်မိုး။ သူ့မိဘကိုးကွယ်တဲ့ ရွာဦးကျောင်းဆရာတော်က တနင်္ဂနွေသားမို့ အောင်မိုး လို့ နာမည်ပေးလိုက်တာ။ အောင်မိုးဖြစ်ဖြစ်၊ အောင်တိုးဖြစ်ဖြစ်၊အောင်နိုးပဲဖြစ်ဖြစ် ဆရာတော်ပေးတဲ့ နာမည်ကို သူ့မိဘကလည်း ဘာဖြစ်ဖြစ်မကန့်ကွက်သလို နာမည်တစ်လုံးဟာ တောသားတစ်ယောက်အတွက် ဘာဆိုဘာမှ အရေးပါတာ မဟုတ်တာကြောင့် အောင်မိုးဆိုတော့လည်းအောင်မိုးပေါ့။
ဘာနာမည်ပဲဖြစ်ဖြစ် အဓိကအရေးကြီးတာက လူလိုသူလို နေတတ်ထိုင်တတ်ဖို့ပဲ။ တောသဘာဝ လူလိုသူလို ဖွင့်ဆိုချက်ဆိုတာက လူကြီးသူမတွေကို အရိုအသေရှိဖို့၊ ရပ်ရေးရွာရေးမှာ ဘယ်တော့မှ လက်မနှေးစေဘဲ ကူညီတတ်ဖို့ ၊ဘုရားမကြိုက်ပေမဲ့ အစ်ကိုကာလသားတွေကြိုက်တဲ့ သူရာရည်ထဲ ငယ်ငယ်ရွယ် ရွယ်နဲ့ ခေါင်းစိုက်နှစ်၊ ညစဉ် အော်ဟစ်မူးရူးနေတာမျိုးတွေဖြစ်မနေဖို့နဲ့ အလုပ်ကိုအလုပ်နဲ့တူအောင် ခြေမများဘဲ လုပ်နိုင်စွမ်းဖို့ဆိုတာပဲ။
မြို့ဖြစ်ဖြစ် တောဖြစ်ဖြစ် ငွေရှိရင် ကောင်းတယ်ဆိုပေမဲ့ အရမ်းမွဲနေတာမျိုးမဟုတ်ဘဲ ရိုးသားကြိုးစားသူဆိုရင် တောမှာအိုကေတာမို့ အောင်မိုးဟာ တောသဘာဝ လူလိုသူလို ဖွင့်ဆိုချက်ထဲမှာ ဒေါင်ဒေါင်မြည်အိုကေတဲ့ အထဲပါတယ်။
အောင်မိုးအဖေက သူငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပေမဲ့ အားထားစရာ အစ်ကိုလူပျိုကြီး ရဲ့အလုပ်အကိုင်ကလည်းမဆိုး၊ သူကိုယ်တိုင်ကလည်းက ၁၆ နှစ်သားလောက်ကတည်းက သူ့အစ်ကိုဝမ်းကွဲ လယ်မှာလယ်သူရင်းဌားလုပ်တာဆိုတော့ မိသားစု ၃ယောက်ဝမ်းရေးဟာ တိန်တိန်ကိုမြည်လို့။
အသည်းမည်းမည်း ရိုးသားကြိုးစား လူကြီးကိုလူကြီးမှန်းသိတာမို့ တစ်ရွာတည်းသူ အချောအလှ လေးက မထိတထိမျက်နှာပေးနဲ့ သူ့ကိုရေလာမြောင်းပေးနေတာကြောင့် တစ်ချိန်မှာသူတို့နှစ်ယောက်ညားမယ်လို့ ရပ်ထဲရွာထဲက သတ်မှတ်ပြီးသား။ ဒါပေမဲ့ ကံကြမ္မာအရွေ့တစ်ချက်မှာ အောင်မိုးစစ်ထဲဝင်သွားတယ်။ မဆလနေဝင်တော့မယ့် ၁၉၈၀ ပြည့်နှစ်လွန်ကာလ။
မဆလခေတ်က ဘာကြောင့်ရယ်မသိ၊ ကျေးလက်ကလူငယ်တွေ အိမ်နဲ့စိတ်ဆိုး ရင် စစ်ထဲဝင်လေ့ရှိတယ်။ မိဘတွေက သူတို့သားစစ်ထဲဝင်တာ သတင်းကြားတာနဲ့ သေလမ်းကိုသွားတော့သလို ငိုချင်းချကာရယ် စစ်သားစုဆောင်းရေးထဲလိုက်၊သင်တန်းမသွားမီ တောင်းပန်တိုးလျှိုးကာ သူတို့သားကို ပြန်ရွေးထုတ်။ ရွာကို ပြန်ရောက်ပြီဆို ဘယ်လိုပြန်ရွေးထုတ်လာတဲ့ အကြောင်း ရှင်လောင်းလှည့်သလို လူတရုန်းရုန်းနဲ့ သတင်း စာရှင်းလိုက်ရတာမှ ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး ထည့်မနိုင်။
ကံဆိုးတဲ့အောင်မိုးကျတော့ မိခင်အိုကြီးက မသွားတတ်မလာတတ်၊ အစ်ကိုကြီးကလည်းအိုးတိုးအတ၊ မလိုက်နိုင်ရှာတာမို့ စစ်ထဲဝင်မှန်းသိလျက် လက်လွှတ်လိုက်ရတယ်။ အောင်မိုးဟာ စိတ်နေကောင်းရှာသူမို့ တစ်မျိုးလုံးက စုတ်တသတ်သတ်။
၁၀နှစ်လောက်အကြာ ရွာကိုတစ်ခေါက်ပြန်လာတော့ လက်မောင်းမှာ အရစ်နှစ်ရစ်နဲ့တပ်ကြပ်ဆိုလား။ ဒါဟာတိုက်ရည်ခိုက်ရည်ကောင်းလို့ရတာတဲ့။ အောင်မိုးရွာကမပြန်မချင်း သောက်လိုက်တဲ့အရက်တွေကလည်း ထောင်းထောင်းကိုထလို့။ ဆဲလိုက်တဲ့ အဆဲတွေကလည်း စကားတစ်ခွန်းပြောရင် နှစ်ခွန်းဆဲနေ သလိုမျိုး။ အဆိုးဆုံးတစ်ခုက မူးလာရင်တစ်ရွာတည်းသားချင်း သူငယ်ချင်းတွေကို သူနဲ့မတူသလိုမတန်သလိုနဲ့ ဗိုလ်ကျချင်တဲ့ သောက်ကျင့်ပဲ။ အရင်ကရယ်မောပျော်ရွှင်နေတတ်သူတစ်ယောက်ဟာ အခုကျတော့ မှုန်ကုပ်ကုပ်ဘဝင်မြင့်မြင့်၊ ပြောလိုက်ရင် ငါတို့တပ်ထဲမှာက….ဆိုတာချည်းနဲ့။ ပြီးတော့ သေနတ်ပစ်တတ်ရင် အကုန်လုပ်တတ်တယ်လို့ အောင်မိုးကဆိုတော့ သူ့သူငယ်ချင်းလက်သမားဆရာက ‘ဒါဆို ငါ့ကို ရွေပေါ် (သစ်သားကိုချောမွေ့ညီညာအောင်လုပ်ခြင်း) တစ် ချက်ထိုးပြ’လို့ ပြန်နောက်တယ်။ အဲဒီမှာ အောင်မိုးကရွေပေါ် လည်းတကယ်မထိုးတတ်လေတော့ မခံမရပ်နိုင် အော်ဟစ်ဆဲဆိုလို့ အရက်ဝိုင်းကနေ ထပြန်တယ်။
ပြီးတော့မကြာ၊ အောင်မိုးပြန်ရောက်လာတော့ သူ့စစ်အင်္ကျီကိုဝတ်လို့။ သူ့ကိုအရက်တိုက်ထားတဲ့ သူငယ်ချင်းလက်သမားဆရာကို ဒါဘာလဲဆိုပြီးသူ့ စစ်အင်္ကျီလက်မောင်းက အရစ်နှစ်ရစ်ကိုပြ၊ ဘယ်ပြန်ညာ ပြန်ပါးရိုက်၊ ဝိုင်းဆွဲတဲ့သူငယ်ချင်းတွေကိုလည်း အော်ဟစ်ဆဲဆိုလို့ အောင်မိုးဟာ အရင်အောင်မိုးမဟုတ်၊ ရွာအော့ကြောလန်ဖြစ်နေပြီဖြစ်ကြောင်း သက်သေပြတယ်။
တစ်ရွာလုံးက ‘ဒီကောင် စစ်တပ်ထဲရောက်မှ တော်တော်မိုက်ရိုင်းသွားတယ်’လို့ တညီတညွတ်တည်း မှတ်ချက်ပေးကြတယ်။ သူကတော့ ရင်ဘတ်တွေဘာတွေကော့လို့၊ ‘မိုက်ရိုင်းတယ်ဆိုတာ ငါတို့ စစ်တပ်ရဲ့ စတိုင်’တဲ့။ မိုက်ရိုင်းတာကိုပဲ ဂုဏ်ယူစွာ။
မပစ်ရက်တဲ့ သူ့ငယ်ချစ်ကတော့သောက်စားမူးယစ် အရင်အောင်မိုးမဟုတ်တော့မှန်းသိလျက် အောင်မိုးနောက် ကောက်ကောက်ပါ လိုက်သွားလေတော့ အောင်မိုးအမေကအစ စုတ်သတ်တယ်။
နောက်ပိုင်း သူ့သတင်းတွေ ရံဖန်ရံခါ ခပ်ပါးပါးကြားရတတ်တယ်။ ဟိုး…တိုင်းရင်းသားဒေသ တစ်နေရာကတပ်ရင်းတစ်ခုမှာ မရွှေ့မပြောင်း နှစ်များစွာကြာ။ ရှေ့တန်းထွက်ရင် အားကိုးရတဲ့ ဝါရင့်တပ်ကြပ်ကြီးအဆင့်။ တပ်ရင်းပြန်ရောက်ရင် သူ့အသောက်အစားကြောင့် တစ်ရစ်တော့မကြာခဏဆိုသလို ပြန်ပြုတ်တတ်တာ မို့ သုံးရစ်နဲ့နှစ်ရစ်မှာလုံးချာလည်လို့။ ရွာကိုတော့ သူ့အမေကွယ်လွန်ပြီးနောက်ပိုင်း အမွေကိစ္စ တစ်ခေါက်ပြန် ရောက်တာကလွဲ ရွာသူ သူမိန်းမသာ ၄-၅နှစ်တစ်ခေါက်လောက် ပြန်ရောက်လေ့ရှိတယ်။
သူ့မှာသားတစ်ယောက်ရှိတယ်။ သူ့ဘာသာမိုက်ရိုင်းပေမဲ့ တစ်ဉီးတည်းသားမို့ ချစ်ရှာတယ်တဲ့။ အဖေတစ်ယောက်ရဲ့ သူ့သားအပေါ် ထားတဲ့ရည်မှန်းချက်က သူလို စစ်သားမဖြစ်ရင်ပြီးရော ဘာဖြစ်လို့ သူ့မိန်းမက ပြန်ပြောလေတော့ စစ်သားအရင့်အမာကြီးတစ်ယောက်ရဲ့ စစ်တပ်အပေါ် သဘောထားကို ရွာကလူတွေ အံ့ဩကြတယ်။
ရန်ကုန်ရောက်နေတဲ့ သူ့တူဝမ်းကွဲနိုင်ငံရေးထောင်ထွက် ရွာပြန်ရောက်ချိန် အဲဒီလိုကြားရတော့ သူ့ဦးလေးရဲ့ အဇတ္တျကိုစူးစမ်းချင်လို့ မသေခင်တစ်ခေါက် တွေ့ချင်ကြောင်း အမှာတော်ပါးလိုက် သေးတယ်။
၂၀၁၀ပြည့်နှစ်ဝန်းကျင်လောက်မှာ တပ်ကြပ်ကြီးအောင်မိုး ရှေ့တန်းမှာမိုင်းထိလို့ ခြေတစ်ဖတ်ပြတ် သွားတယ်။ တကယ်တော့ သူ့အရာရှိပေါက်စ မိုင်းနင်းမိထားလို့ သူသွားကယ်တဲ့အချိန်။ ဟိုက အကြောက်လွန်ပြီး ခြေတစ်ဖက်အကြွမှာ ခြေထောက်တစ်ချောင်းစီ ပေးလိုက်ရတာတဲ့။
ခြေတစ်ဖက်ပြတ်စစ်ဗိုလ်ပေါက်စကတော့ အလိုက်ကောင်းလို့ ဦးပိုင်မှာ နေရာကောင်းရပြီး ကော့ သွားတာမို့ခြေတစ်ဖက် ပေးရတာတန်တယ်လို့ ဆိုတယ်။ခြေတစ်ဖက်ပြတ်တပ်ကြပ်ကြီးကတော့ ဆရာကြီးဘဝ စုတေ၊ စစ်တပ်ကခြေတစ်ဖက်ပြတ်စစ်သားအိုကြီးကို အလိုမရှိတော့ လိုင်းခန်းကနေဖယ်ပေးဖို့ တောင်းဆိုခံရတယ်။
ဒီလောက်နှစ် ၃၀ကျော်ကြာခြေတစ်ဖက်ပြတ်တဲ့အထိ တာဝန်ထမ်းခဲ့တဲ့အောင်မိုးဟာ နယ်မြို့စွန်လေးမှာတောင် မြေလေးတစ်ကွက် မပိုင်ဆိုင်လေတော့ လင်မယားနှစ်ယောက် ခေါင်းမီးတောက်ရတယ်။ သူ့မိန်းမက လုပ်စားကိုင်စားတတ်၊ စစ်တပ်ထဲ အသုတ်၊ အအေးနဲ့ ဘာလေးညာလေးရောင်းပြီး ငွေတိုးလည်းချေးနေသူမို့ ဒီလိုင်းခန်းသာဖယ်ပေးရရင် ဒုက္ခရောက်ကြမယ့်ကိန်း။
ရှိသမျှပိုက်ဆံလေးနဲ့ မြို့စွန်မှာ မြေဝယ်ပြီးအိမ်လေးဆောက်လိုက်ရင် လုပ်စားစရာပိုက်ဆံက မကျန်တော့လို့ တပ်ရင်းထောင့်အစွန်မှာပဲဖြစ်ဖြစ် တဲထိုးပြီးနေပါရစေလို့ သူ့ဆရာတပ်ရင်းမှူးဆီ သူတို့လင်မယား မျက်ရည်ခံထိုးကြတယ်။
ဒါက အောင်မိုးပြောတဲ့ ရေဗူးပေါက်တာမလိုချင်ဘူးဆိုတဲ့ စစ်တပ်ဆိုတော့ ဒါမျိုးတော့လိုက်လျောလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့တပ်ရင်းမှူးရဲ့ ငဲ့ညှာသောအကြံပြုချက် မင့်သားကို စစ်တပ်ထဲထည့်၊ သင်တန်းဆင်းပြီးတာ နဲ့ ဒီတပ်ထဲရောက်အောင် လုပ်ပေးမယ်။ ပြီးတော့ လူပျိုဆိုပေမဲ့ လိုင်းခန်းတစ်နေရာရအောင် လုပ်ပေးမယ်။အဲ ဒါဟာသူ့လုပ်ပိုင်ခွင့်ထဲက အာဏာကုန်ကူညီနိုင်မှုပဲတဲ့။
အောင်မိုးခမျာ ၁၆နှစ်ပြည့်ခါစ သူ့သားကို တစ်ချက်ကြည့်ပြီး ခေါင်းငိုက်စိုက်ချ၊ ချက်အရက်ပြင်းပြင်း ကို ၃ခွက်လောက် ဆင့်မော့ပြီးတဲ့နောက် အော်ကြီးဟစ်ကျယ်ငိုချလိုက်တယ်။ အငိုတိတ်ပြီးတဲ့နောက် သူ့မိန်းမ ဘက်လှည့်ပြီး ‘မင်းသားကို တပ်ထဲထည့်လိုက်တော့’တဲ့။
အဲဒီနေ့ကစပြီး အောင်မိုးဟာ ဘယ်သူနဲ့မှ ဟက်ဟက်ပက်ပက်စကားမပြောတော့ဘူး။ သူ့သား သင်တန်းဆင်းပြီး ရဲဘော်လေးဖြစ်လာ၊ လိုင်းခန်းတွေဘာတွေမှာ အထိုင်ကျပြီးတော့နောက် အောင်မိုးဟာ မူးလာရင် သူတစ်သက်တာ ကြီးပြင်းခဲ့တဲ့ စစ်တပ်ကို ပယ်ပယ်နယ်နယ်ဆဲရေးလို့။ ဆဲရင်အရေးယူမယ်လို့ လာပြော တဲ့အရာရှိကို မကျေနပ်ရင် ပစ်သတ်လို့ တောင်းဆိုတယ်။
အောင်မိုးဟာ မနက်ကတည်းက အရက်စသောက်တယ်။ သောက်လိုက် အိပ်လိုက် ညနေခင်း ရေချိန်လွန်လာရင် စစ်တပ်ကိုဆဲရေး။ သတ်မသေရဲလို့ မြန်မြန်သေအောင် များများသောက်နေတာ၊ ဒီဘဝမှာ မနေချင်တော့တာ သေချာသွားပြီတဲ့။
ခြေတစ်ပြတ်ဘဝ ကြိုးစားပမ်းစား အရက်တွေနင်းကန်သောက်လိုက်တာ တစ်နှစ်ခွဲလောက်ကြာ တော့ အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံရောက်။ဆေးရုံကဆင်းပြီးမကြာ ထပ်သောက်တော့  နောက်တစ် ကြိမ်ပေါက်တဲ့သွေးကြောက သူဖြစ်ချင်သလို သေရွာပို့လိုက်တယ်။
မသေခင်ကတည်းက သူ့မျက်လုံးတွေ အသေကြီးနဲ့ သေရင် ရွာပြန်မယ်လို့ ဆိုတယ်။ ပြီးတော့ သူ့သားကိုခေါ်၊ စစ်တပ်ထဲကနေ ရအောင်ထွက်ဖို့ မှာပြီးသူအသက်ထွက်သွားတယ်။
အခုအောင်မိုးရဲ့တူ နိုင်ငံရေးထောင်ထွက်က သူနဲ့ညီဝမ်းကွဲတော်တဲ့ အောင်မိုးရဲ့သားဆီ ဖုန်းဆက်၊ မင်း ပြည်သူ့ရင်ခွင်ဆီ အလင်းဝင်ချင်သလားလို့ ဖုန်းဆက်လှမ်းမေးတော့ ဝင်၊မဝင်စကားတစ်ခွန်းမပြန်။ ‘ မင်း ပြည်သူကိုသတ်နေရတာ ပျော်နေသလား’လို့ ထပ်မေးတော့ သက်ပြင်းကို အရှည်ကြီးချပြီးနောက် ဖုန်းကိုချ လိုက်တယ်။
ရေးသားသူ-လင်းခေတ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay

You may also like these