“မိစ္ဆာ ကျိန်စာ”

(အက်ဆေး)

ဒီဇင်ဘာ ၆၊ ၂၀၂၅။

နေကောင်းရဲ့လားအဖေ။ ဒီမေးခွန်းကိုမေးလိုက်တော့ အဖေ့ဆီက ရဖူးနေကျအတိုင်း သရော်ပြုံးတစ်ချက် လက်လာမယ်ဆိုတာ ကျွန်တော်အလွတ် ရနေတယ်။စိတ်မရှိပါနဲ့အဖေ။ လေဖြတ်ထားလို့ ​ခန္ဓာကိုယ်အောက်ပိုင်းလှူပ်မရတော့တဲ့လူနာတစ်ယောက်ကို မမေးသင့်တဲ့မေးခွန်းမှန်း ကျွန်တော်သိပါတယ်။

ဒါပေမယ့် အဖေနဲ့ကျွန်တော်က အခုဝေးနေကြပြီမဟုတ်လား။ ပြီးတော့အခုဆောင်းတွင်းကြီးရောက်လာပြီ။ အဖေပြောခဲ့ဖူးတယ်လေ၊ အဆိုတော်ကြီး ဦးခင်ဝမ်းဖွဲ့ဆိုခဲ့တဲ့ “ပြည်မှာဆောင်း” တော့ရောက်ပြီသားရေဆိုတဲ့စကား သားပြန်ပြန်ကြားနေရတယ်။

အလုပ်ထဲမှာ သားမရှိတော့တဲ့နောက် အဖေ့ရဲ့တစ်ဦးတည်းသောအမကြီးက
အဖေ့ကို လာခေါ်သွားတဲ့အကြောင်းသားကြားတုန်းက သားစိတ်ထဲအေးသွားရပါ​ရဲ့။ နောက်တော့အဖေဟာနေရာဟောင်းကို ပြန်ရောက်လာပြန်တယ်ကြားတော့ သားစိတ်တွေ ဗလောင်ဆူရပြန်တယ်လေ။ ကြီးကြီးတို့မိသားစုနဲ့ အဖေ့စိတ်နဲ့အဆင်မပြေခဲ့ဘူးထင်ပါတယ်။ အရာရာကြပ်တည်းလွန်းတဲ့ခေတ်ဆိုးကြီးဟာ ချစ်ခြင်းမေတ္တာကိုတောင် အဓိပ္ပါယ်သစ်တွေ ဖွင့်ပေးနေပါပကောအဖေ။ ရှိပါစေအဖေ။ ဝဋ်ရှိသမျှခံလိုက်ကြ သေးတာပေါ့။

အဖေကလည်း သားမရှိတော့တဲ့နေရာဟောင်းကိုဘာလို့ ပြန်လာချင်ရတာလဲဗျာ။ အဖေနဲ့ရေစက်ကုန်လို့ ထားရစ်ခဲ့တဲ့ အမေ့ကိုများပြန်မျှော်လင့်နေတာလား။ အဖေစိတ်မနာဘူးလား။ အဖေသူ့အရိပ်တွေပြန်မြင်တွေ့နေပြီး အဲဒီအရိပ်တွေက တငွေ့ငွေ့လောင်ကျွမ်းခံနေရတဲ့အရသာကို ခံစားနေရတာကို စိတ်ခံတွင်းတွေ့နေတာလား။ ခက်တော့ခက်တယ်အဖေရေ၊ အဖေ့ရဲ့စိတ်ခံစားချက်ကိုသားမှနားမလည်တာကိုး။

အဖေ့ဒိုင်ယာရီဟောင်းထဲက “ငါရှင်သန်နေတာမင်းကြောင့်ပဲဖြစ်ပါရစေ၊နောက်ဆုံးတစ်နေ့ ကံကုန်လို့ ဝေးခဲ့ကြသည့်တိုင် ငါ့နောက်ဆုံးထွက်သက်ကို မင်းဝန်းကျင်မှာ ရှူရှိူက်ထွက်ခွါသွားချင်တယ်” ဆိုတဲ့ဆန္ဒနဲ့များ ပြန်ရောက်လာတာများလား။

ဘာပဲဖြစ်ဖြစ်ပါလေ အဖေ့ရဲ့နောက်ဆုံးအချိန်တွေမှာ အဖေ့နှလုံးသားကတိရှိရာကိုပြန်ရောက်လာတာ အဖေ့နှလုံးသားကိုဂုဏ်ပြုပါတယ်။

အလုပ်ထဲမှာကျွန်တော်မရှိတဲ့နောက် ဌါနက ဝန်ထမ်းဟောင်းမို့ ဌါနအိမ်ယာမှာ မဟုတ်သော်ငြားနေစရာလေး ဖန်တီးပေးထားတဲ့ အဖေ့မိတ်ဆွေတွေနဲ့ ဌါနကတာဝန်ရှိသူတွေကိုတော့ ကျေးဇူးတင်ရမှာပါပဲ။ ဒါပေမယ့် ဗန်ဒါပင်အောက်မှာကားတာယာဟောင်းတွေပေါ် ဝါးကပ်ကင်းပြီး ပလတ်စတစ်အမိုးအကာနဲ့ ပြည်ရဲ့ဆောင်းကြီးနဲ့တော့..။

အဲဒီပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကြီးဟာ၊ ဘဝပေါင်းစွာ၊ မိသားစုပေါင်းများစွာကို ထုံဆေးမပါ မေ့ဆေးမဲ့စွာနဲ့ ရက်ရက်စက်စက်ခွဲထုတ်နေတဲ့ မိစ္ဆာကျိန်စာကြီးပါ အဖေရယ်။

သားအိပ်ယာဘေးက ဗလာစာအုပ်ဟောင်းထဲမှာ သားကဗျာတစ်ပုဒ်ကူးထားတာကျန်ခဲ့တယ် အဖေ။

ကဗျာဆရာအမည်တောင် ရေးမထားမိဘူး ထင်တယ်။ အဖေ သားစာအုပ်တွေဖွရင်းတွေ့ခဲ့ရင် ကဗျာဆရာက မောင်ဒေး တဲ့အဖေရေ။

နေကြာခင်းထဲကမိန်းမ

၈ သြဂုတ် ၂ဝ၂၄

နေကြာပန်းစိုက်တောင်သူမုဆိုးမရဲ့သားကို အတင်းအဓမ္မခေါ်သွားကြတယ်။ လတချို့ကြာပြီးနောက် သားဖြစ်သူ စစ်မြေပြင်မှာသေသွားတဲ့သတင်းက မုဆိုးမရဲ့အိမ်ကိုရောက်လာတယ်။ မနက်ဖက်အိပ်ယာ ထတဲ့အခါ တောင်သူမုဆိုးမ ကုတင်ပေါ်ကနေမဆင်းဝံ့ဘူး၊ ခြေဖဝါးအောက်ကကြမ်းပြင်ဟာ မည်းနက် အာကာသကြီးဖြစ်နေတယ်။ ရက်ပေါင်းများစွာ ကုတင်ပေါ်ကမဆင်းပဲသူနေတယ်။ မည်းနက်အာကာ သကို ဝမ်းနည်းစိတ်၊ စိုးရွံ့စိတ်တွေနဲ့ သူငုံ့ကြည့်တယ်။ တမနက်မှာတော့ သူ့ရဲ့လေးပင်နေတဲ့စိတ်ကို မည်းနက်အာကာသထဲပစ်ချပြီး သူ့ရဲ့နေကြာခင်းဆီထွက်လာခဲ့တယ်။ နောက်ရက်တွေမှာလည်း နေ ကြာခင်းဆီသူသွားတယ်၊ နေကြာတွေကိုပြန်ပြီးပြုစုတယ်။ နေကြာခင်းကနေရွာကိုအပြန် လမ်းဘေးမှာ ယင်တလောင်းလောင်းဖြစ်နေတဲ့ ငှက်သေတစ်ကောင်ကိုတွေ့တယ်။ သတ္တဝါတို့ထိုးဆိတ်စားသောက် ထားပြီးပြီမို့ ငှက်သေက အရိုးချည်းသက်သက်နီးပါးဖြစ်နေတယ်။ ငှက်သေကိုဖက်ရွက်တစ်ခုပေါ်တင်ပြီး အနီးကမရမ်းပင်တစ်ပင်ဆီသယ်ယူတယ်၊ အပင်အောက်ကမြေကိုတူးပြီး မြှုပ်ထားခဲ့တယ်။ နောက်ရက် တွေမှာ နေကြာခင်းဆီသူထပ်သွားတယ်၊ ရွာထဲကမိခင်တချို့ရဲ့သားတွေကို အတင်းအဓမ္မထပ်လာခေါ် တဲ့သတင်းက သူ့ဆီရောက်လာတယ်၊ နေကြာပွင့်ရဲ့အလယ်တည့်တည့်ကိုတွေတွေစိုက်ကြည့်ရင်း သူငို တယ်။ တချိန်တည်းမှာပဲ
မရမ်းပင်အောက်မှာသူမြှုပ်ခဲ့တဲ့ငှက်သေက အသားတွေပြန်တက်လာတယ်၊ နံရိုးကျိုးတိုးကျိုးတဲကို တစ်ရှုးစတွေဖုံးအုပ်လာတယ်၊ ရင်ဘတ်အိမ်အတွင်းမှာ အနီစက်ကလေးတစ်စက် ပေါ်လာပြီး နှလုံးအဖြစ်ကြီးထွားလာတယ်၊ မျက်ကွင်းရိုးတွေထဲမှာ မျက်သားတွေပေါ်လာတယ်။ တရက် မှာ အဝါ၊ အပြာ၊ လိမ္မော်၊ ခရမ်းတို့ပါတဲ့ ငှက်ကြီးကြီးတစ်ကောင် တောင်သူမုဆိုးမရဲ့နေကြာခင်းဆီ ရောက်လာပြီး နေကြာခင်းရဲ့အလယ်မှာ သစ်စေ့တစ်စေ့ကိုချခဲ့တယ်။ တခဏအတွင်းမှာပဲ အဲဒီသစ်စေ့ ကနေ မရမ်းပင်ကြီးတစ်ပင်ဖြစ်လာတယ်။ အဲဒီမရမ်းပင်မှာ အဝါ၊ အပြာ၊ လိမ္မော်၊ ခရမ်းတို့ပါတဲ့ငှက် ကြီးက အသိုက်ဆောက်ပြီးနေတယ်။ နေကြာခင်းထဲကတောင်သူမုဆိုးမနဲ့ အဲဒီငှက်ကြီးတို့ မျက်လုံးချင်း ဆုံတဲ့အခါတိုင်း (တောင်သူမုဆိုးမကလည်း ငှက်ကိုမကြာမကြာလှမ်းကြည့်တတ်ပါတယ်)
စစ်မြေပြင်က ပြန်မလာနိုင်တော့တဲ့သားဖြစ်သူကို စိုက်ကြည့်နေရသလို သူခံစားရတယ်၊ သူနဲ့အင်မတန်ရင်းနှီးပြီးသား မျက်လုံးတစ်စုံပါပဲ။

ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ကဗျာခံစားမှု #အက်ဆေး #ရသစာတမ်း #လူမှုဘဝ #စစ်မှုထမ်း #မိသားစု #မိခင် #လူငယ့်ရေးရာ #ထိုင်းနိုင်ငံ #ရွေ့ပြောင်းလုပ်သားအရေး #နယ်စပ်ဖြတ်ကျော် #ပေါ်တာဆွဲ

You may also like these