ပြည််မြို့မှာ စစ်မှုထမ်းဖမ်းဆီးခံရသူ အချင်းချင်း နှိပ်စက်၊ ပြန်ဖမ်းခိုင်း

🟥 မိသားစုတွေပေးတဲ့ သင်တန်းသားအသုံးစားရိတ်ကို အောက်ခြေကဖြတ်ယူထား

ဒီဇင်ဘာ ၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲက စစ်မှုထမ်းဖမ်းဆီးခံရတဲ့ လူငယ်တွေ အချင်းချင်း ပြန်ဖမ်းဆီးခိုင်းတာ၊ ရိုက်နှက်နှိပ်စက်ခိုင်းတာတွေကို စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေက ပြန်လုပ်ခိုင်းနေတယ်လို့ ကိုယ့်တွေ့ကြုံခဲ့ရတယ် မြို့ခံတွေက ပြောပါတယ်။

ပြည်မြို့ ရွှေတံခါးအုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းတပ်သားသစ်အဖြစ် ဖမ်းဆီးခံရပြီးနောက် ငွေနဲ့လိုက်လံရွေးတာနဲ့ ပြန်လည်လွှတ်ပေးရမယ့် လူငယ်တချို့အတွက် အစားထိုးထည့်ဖို့ လူသစ်ပေါ်တာလိုက်လံဆွဲရာမှာ လွှတ်ပေးရမဲ့လူငယ်တွေကို ပြန်ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

“သူတို့ကဖမ်းထားတဲ့ကလေးတွေကို လွှတ်ရမယ်ဆိုတော့ မင်းတို့လွှတ်ချင်ရင် အစားလူဖမ်းဆိုပြီး ကလေးတွေကို ပေါ်တာဆွဲတဲ့နေရာတွေကို လိုက်ခိုင်းတယ်။ အစားထိုးဖမ်းခိုင်းတာပေါ့” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက ဒို့ပြည် ကို ပြောပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲဖမ်းဆီးထားတဲ့ နေရာတွေမှာရှိတဲ့ လူငယ်အချင်းချင်းကို ရိုက်နှက်နှိပ်စက်ခိုင်းတာ အနိုင်ကျင့်ခိုင်းတာတွေကိုလည်း လုပ်ဆောင်တယ်လို့ သိရပါတယ်။

“၉၅၉ တပ်ထဲမှာရော တခြားနေရာတွေမှာ နည်းနည်းစွာတဲ့လူငယ်ဆိုရင် အချင်းချင်း ပြန်ပြီးဝိုင်းရိုက်ခိုင်းတာ။ ပြည်သူ့စစ်ဆိုတဲ့ ရပ်ကွက်ထဲကအဆုတ်အပြတ်အုပ်ချုပ်ရေးမှူးတွေက ပိုဆိုးတယ်။ စစ်အင်္ကျီအပေါ်ထပ်တဝက်ဝတ်ပြီး ဆဲဆိုမာန်မဲပြီး အော်ဟစ် ရိုက်နှက်နေတာ” လို့ မြို့ခံအမျိုးသမီးတဦးကလည်း ဒို့ပြည် ကို ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ၉၅၉ တပ်ထဲကနေ သင်တန်းကျောင်းတွေကို ပို့ချိန်မှာလည်း မိသားစုဝင်တွေက တပ်ဂိတ်ပေါက်ကနေ အသုံးစားရိတ်အဖြစ် ငွေပေးချိန်မှာလည်း ဂိတ်စောင့်နေကြတဲ့ တပ်သားနဲ့ ပြည်သူ့စစ်တွေက ကြားကနေ ဖြတ်ယူပြီး ငွေအပြည့်မပေးဘူးလို့ သိရပါတယ်။

“အသိမိသားစုတစုဆို သူ့တို့သားကို တတ်နိုင်သလောက်လေး ၃ သောင်းလားပေးတာကို ၁ သောင်းဖြတ်ယူထားလိုက်တယ်။ သောင်းဂဏာန်းတောင် အဲလောက်ယူနေတာ။ သိန်းဂဏာန်းဆို ဘယ်လောက်တောင် ဖြတ်ယူထားမလဲမသိဘူး” လို့ အမျိုးသမီးတဦးက ပြောပါတယ်။

ဂိတ်စောင့်တွေရဲ့ ရိုင်းစိုင်းမှုနဲ့ပတ်သက်ပြီးလည်း သူက “ပြည်သူ့စစ်ကောင်တွေ ပိုဆိုးနေတာ။ ဘုန်းကြီးဝတ်နေတာကြာတဲ့ ဘုန်းကြီးတပါးက သူ့သားပေါ်တာဆွဲခံရလို့ လိုက်တွေ့တာကို ဘုန်းကြီးလည်းမထားဘူး ပြောဆိုနေတာ ရိုင်းလိုက်တာ။ စစ်သားကတောင် မင်းအဲလိုမပြောရဘူးလေ ဘုန်းကြီးလို့ ပြောတာကိုတောင် လက်မခံဘူး။ အောက်ခြေစစ်သားလောက်ကို ပြည်သူ့စစ်က မကြောက်တော့ဘူး” လို့ ဆက်ပြောပါတယ်။

ပြည်မြို့ ၉၅၉ တပ်အပေါက်ဝမှာတော့ သင်တန်းသားပို့ဆောင်မဲ့ရက်တွေမှာ မိသားစုဝင်တွေ အများအပြားရှိနေတတ်ပြီး ပုံမှန်ရက်တွေမှာလည်း သားပျောက်လို့ လိုက်ရှာကြတဲ့ မိသားစုဝင်တွေစောင့်ဆိုင်းနေတာတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#လူထု #သတိပြုပါ #ပြည်မြို့နယ် #ပဲခူးတိုင်း #စစ်မှုထမ်းတပ်သားသစ် #ပေါ်တာဆွဲ #လူငယ်ရေးရာ #ထိုင်းနိုင်ငံ #မလေးရှားနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား #မဲဆောက် #မြဝတီ

 

You may also like these