ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ်တလင်း၊ တို့အပါ ပဲခူးတိုင်းထဲက ကျေးရွာအုပ်စု (၁၄၄) အုပ်စုမှာ စစ်တပ်ရွေးကောက်ပွဲ မပြုလုပ်နိုင်

ဒီဇင်ဘာ ၇၊ ၂၀၂၅။

ပဲခူးတိုင်းတတိုင်းလုံးမှာ စစ်ကော်မရှင်ကပြုလုပ်မဲ့ ရွေးကောက်ပွဲ အပိုင်း(၁) နဲ့ အပိုင်း(၂) တို့ကို မပြုလုပ်နိုင်မဲ့ ကျေးရွာအုပ်စု(၁၄၄) အုပ်စု ရှိတယ်လို့ စစ်တပ်ရဲ့ ,ရွေးကောက်ပွဲကော်မရှင် က ဒီဇင်ဘာ ၅ ရက်နေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ပြလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၁) မှာတော့ ညောင်လေးပင်မြို့နယ်က ကျေးရွာအုပ်စု (၁၅) အုပ်စု၊ တောင်ငူမြို့နယ်က ကျေးရွာအုပ်စု (၈) အုပ်စု ၊ နတ်တလင်းမြို့နယ်က ကျေးရွာအုပ်စု (၂၂) အုပ်စု နဲ့ လက်ပံတန်းမြို့နယ်က ကျေးရွာအုပ်စု (၄) အုပ်စု တို့မှာ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အလားတူ ရွေးကောက်ပွဲ အပိုင်း(၂) မှာတော့ ရွှေကျင်မြို့နယ်က ကျေးရွာအုပ်စု (၅၃) အုပ်စု၊ ထန်းတပင်မြို့နယ်က ကျေးရွာအုပ်စု (၂၅) အုပ်စု၊ ရေတာရှည်မြို့နယ်က ကျေးရွာအုပ်စု(၁၈) အုပ်စု၊ ပေါင်းတည်မြို့နယ်က ကျေးရွာအုပ်စု(၁၃) အုပ်စု၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာအုပ်စု(၃၀) အုပ်စု နဲ့ မင်းလှမြို့နယ် ကျေးရွာအုပ်စု(၉) အုပ်စုတို့မှာ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်တပ်ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ကျေးရွာတွေဟာ တိုက်ပွဲတွေဖြစ်ပွားရာနေရာတွေ ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ထွက်သွားလာတာ၊ ထိန်းချုပ်ထားနိုင်ရာ ဒေသတွေဖြစ်ပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေရာတွေလည်းဖြစ်ပါတယ်။

“သူတို့ပြောထားတဲ့ ပေါက်ခေါင်းနဲ့ ပေါင်းတည်ကရွာတွေက တော်လှန်ရေးတပ်တွေ အဝင်အထွက်ရှိပါတယ်။ တိုက်ပွဲဖြစ်တာတွေလည်းရှိတယ်။ နတ်တလင်းကတော့ အခု ဒီဇင်ဘာလထဲမှာကို တိုက်ပွဲဖြစ်တာရှိသလို စစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ မဲရုံတွေမလုပ်နိုင်သလို မဲဆွယ်ရဲတဲ့ ပါတီကိုယ်စားလှယ်တွေလည်း မရှိပါဘူး။ သူတို့ထိန်းချုပ်လို့မရဘူးလို့ပဲ ပြောရမှာပါ” လို့ ပဲခူးတိုင်းအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ဒို့ပြည်ကို ပြောပါတယ်။

စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ ရွေးကောက်ပွဲ အပိုင်း(၁) ကိုပြုလုပ်မှာဖြစ်ပြီး အပိုင်း(၂) ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ပြုလုပ်ဖို့အတွက် ပြင်ဆင်နေသလို စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ ပါတီအချို့က မဲဆွယ်မှုတွေကို ပြုလုပ်နေပါတယ်။

တဖက်မှာတော့ ပြည်သူလူထုတွေကလည်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြတာ၊ မဲစက်သရုပ်ပြပွဲမတက်တာ၊ လူမစုပေးတာ၊ နဲ့ မဲစာရင်းမကြည့်တာ တို့အပြင် မဲဆွယ်ပါတီတွေကိုလည်း အယုံအကြည်မရှိ သရော်တာတွေ ကို လုပ်သလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အတုအယောင်ရွေးကောက်ပွဲ ကို မပူးပေါင်း မလုပ်ဆောင်ကြဖို့ သတိပးမှုတွေကို ပြုလုပ်နေကြပါတယ်။

ပုံစာ-ပဲခူးမြို့နယ်မှာ ဒီဇင်ဘာ ၂ ရက်နေ့က မဲစာရင်းလိုက်လံစစ်ဆေးပေးနေတဲ့ စစ်ကော်မရှင်အဖွဲ့
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ရေတာရှည်မြို့နယ် #နတ်တလင်း #ပေါင်းတည် #ပေါက်ခေါင်း #လက်ပံတန်း #မင်းလှ #လူထု #အတုအယောင်ရွေးကောက်ပွဲ #ဆန္ဒပြပွဲ #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့်

You may also like these