ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမှာ ပျားကြီးတွေရာချီတုပ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ (၂) ရက်ဆက်တိုက် ဆေးရုံတင်ခဲ့ရ

ဒီဇင်ဘာ ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရဟန္တာ(၈၀) ဘုရားအနီး ရန်ကုန်-ပြည်ကားလမ်းမကြီး ဘေးက သစ်ပင်မှာ အုံဖွဲ့နေတဲ့ ပျားကြီးတွေဟာ အကောင်ရည်ရာနဲ့ချီပြီး လိုက်လံတုပ်နေလို့ ဆေးရုံတင်ထားရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က ရဟန္တာ(၈၀) အနီးမှာ အဝေးပြေးလမ်းမှာမောင်းနေတဲ့ ဆိုင်ကယ်တစီးလမ်းဘေးကို ထိုးကျသွားတာ မြင်ရတဲ့ အတွက် ကူညီဖို့သွားတဲ့ အချိန်မှာ ဆိုင်ကယ်ပေါ်က အမျိုးသမီးနဲ့ ကလေးကို ပျားတွေရာချီအုပ်လိုက်တုပ်နေတာကို တွေ့ရတဲ့အတွက် ကူညီဖို့ကြိုးစားသူတွေကိုလည်း ပျားတွေက ထပ်မံတုပ်ခဲ့တယ်လို့ ကူညီခဲ့သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ရဟန္တာ၈၀ နားရောက်တော့ ကျွန်းတောဘက်ခြမ်းမှာ ရှေ့ကဆိုင်ကယ်တစ်စီးက ယိုင်ထိုးပြီးလမ်းဘေးထိုးဆင်းသွားတော့ ဘာဖြစ်တာလဲလို့လှမ်းကြည့်တော့ ပျံနေတဲ့ အကောင်တွေအုပ်လိုက်ကြီးဝိုင်းနေတာ၊ ဆိုင်ကယ်ကြီးလဲ လဲကျ ၊အဲ့အမကြီးကခလေးကိုဖက်ပြီးထွက်ပြေး၊ ကလေးကလဲငို အဲ့အမကြီးကလဲ အော်ပီး အကူညီတောင်းနေတာ တွေ့တော့၊ ကူညီဖို့ အိုးဝေပြန်ကွေ့ပြီး အကိုတစ်ယောက်ကဆင်းကူညီတာ သူ့ပါဝိုင်းအုံတုပ်ရောဟေ့၊ ပျားကြီးတွေအကြီးကြီး။ အဲ့ဒါနဲ့ ပျားတွေခေါင်းမှာ ဝိုင်းအုံနေတဲ့ အမျိုးသမီးကို ဝပ်နေခိုင်း ကလေးကိုအိုးဝေပေါ်တင်ပီးမောင်းပြေး ကလေးနောက်လိုက်လာတဲ့ပျားတွေကလဲ အိုးဝေသမားကိုတုပ် တာပေါ့၊ ကလေးကိုလဲတုပ်၊ ကလေးကိုယ်ပေါ်ကပျားတွေကို ရိုက်–ပေါ့။ အဓိကက ဆံပင်တွေမှာ ဝိုင်းအုံနေတာ ။အမျိုးသမီးကို ကူညီဖို့ ကွေ့လာသမျှ လာသမျှသူ အကုန်တုပ်တာဟေး အုပ်လိုက်ကြီး တဝီဝီနဲ့” လို့ ကူညီခဲ့သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဲဒီပျားတုပ်ခံရတဲ့ ကလေးနဲ့ အမျိုးသမီးကိုတော့ ပရဟိတနာရေးကူညီမှုအသင်း လူနာတင်ယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီခွဲကျော်ခန့်ကလည်း အဲဒီနေရာမှာပဲ ဖြတ်သွားသူတွေကို ပျားတွေက လိုက်လံတုပ်နေလို့ ထွက်ပြေးကြရပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတယောက်ကတော့ ပျားတုပ်ခံရလို့ လဲနေလို့ ဒေသတွင်းနာရေးကူညီမှုအသင်းက ကူညီခဲ့ရတယ်လို့ သိရပါတယ်။

ဒေသတွင်း သွားလာကြသူအများအပြားကိုလည်း ပျားတွေက တုပ်ခဲ့တဲ့အတွက် ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့မနက်မှာတော့ ဒေသခံနာရေးကူညီမှုအသင်းက သွားရောက်စောင့်ကြည့်ကူညီဖို့ အသင့်ပြင်ဆင်ထားပေမဲ့ ပျားတုပ်မှု ဖြစ်စဉ်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီပျားတွေဟာ ကားလမ်းဘေးဝဲယာမှာစိုက်ထားတဲ့ ကျွန်းပင်အမြင့်ပေါ်မှာ အုံဖွဲ့ထားတာဖြစ်ပြီး အခြားအမြင့်ပျံငှက်တွေရဲ့ အန္တရာယ်ကြောင့် ဖြတ်သွားဖြတ်လာလူတွေကို လိုက်တုပ်နေတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ သတင်းတွေကြောင့် ဆောင်ရန်၊ ရှောင်ရန်တွေကို အချင်းချင်းဝေမျှနေကြတာတွေရှိပြီး သတိထားဖို့ကိုလည်းတိုက်တွန်းထားကာလက်တလော ဒေသခံလူထုကြား စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဖြစ်စဉ်တခုလည်းဖြစ်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews

 

You may also like these