“လေးကေ့ကော်၊ မဲဆောက်၊ ပြည်တော်ဝင် အမတ်သုံးယောက်”

(ရုပ်ပုံလွှာ)
ဒီဇင်ဘာ ၁၄၊ ၂၀၂၅။
အညာသားတစ်ယောက်ရဲ့ ဂုဏ်ရည်အတိုင်း အညိုဘက်ယိမ်းနေတဲ့ သူ့အသားအရေက အခုတော့ အမည်းဘက် ပိုလွင့်လာသလို။ ဗီဒီယိုကောမှာ သူ့ရဲ့နောက်ကျော မြင့်မြင့်မားမား ရပ်နေတဲ့ တောင်တန်းကလည်း လွင့်နေတဲ့ မိုးသားရိပ်တို့ကြား ညှို့မှိုင်းမှိုင်းအရောင်။
“အသားအရေနဲ့ နောက်ခံအရောင် လိုက်ဖက်နေအောင် ဖွဲ့စည်းထားတာပဲ” လို့ ကျနော်ကဆိုတော့ အနက်ရောင်ဖွဲ့စည်းမှုတွေထဲ ဖွေးဆွတ်နေဆဲ သူ့သွားတွေကို မြင်ရတယ်။
အဲဒီတောင်တန်းကြီးတွေက ရှမ်းရိုးမရဲ့ အပိုင်းအစတစ်ခုလား၊ အခုရောက်နေတာ ဘယ်နေရာလဲလို့ လုံခြုံရေးအရ ကျနော်မမေးမိ။
“အခုလို တောတွေတောင်တွေမြင်ရတော့ လေးကေ့ကော်ကိုတောင် သတိရမိတယ်” လို့ ကျနော်ဆိုမိ။
“ကိုယ့်မြေကိုယ်ရေမှာ နေရတာဆိုတော့ လေးကေ့ကော်ထက်လည်း ပိုခံစားရတယ်” လို့ သူက ပြန်ပြောတယ်။
ကိုယ့်မြေကိုယ့်ရေဆိုတာက သူမွေးဖွားကြီးပြင်းခဲ့ရာ မန္တလေးလွင်ပြင်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်ပြီး သိပ်မကြာ မန္တလေးမြေကနေ သူဆုတ်ခွာ။တစ်ချိန်မှာ မန္တလေးရောက်အောင်ပြန်လာမယ်ဆိုတဲ့ လက်သီးကို ကျစ်ကျစ်ပါဆုပ်လို့။ အခု မန္တလေးမြို့တွင်းက သူ့အိမ်အထိ ပြန်မရောက်သေးပေမဲ့ လွတ်မြောက် နယ်မြေ မန္တလေးတစ်နေရာမှာ မတ်မတ်ခိုင်ခိုင် ခြေစုံရပ်လို့။
မန္တလေးမြို့၊ချမ်းမြသာစည် တိုင်းလွှတ်တော်(၂)ရဲ့ ၂၀၁၅နဲ့ ၂၀၂၀ NLD ရွေးကောက်ခံကိုယ်စားလှယ် ဦးမြင့်အောင်မိုး (ယခု မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဥက္ကဌ)။ မိတ်ဆွေတွေရဲ့ အခေါ်က ကိုမိုးကြီး။
ကျနော်က ဂျာနယ်လစ်၊ စာရေးဆရာဆိုပေမဲ့ ရန်ကုန်အခြေစိုက်၊ မန်းမြေနဲ့က ခပ်စိမ်းစိမ်းမို့ ၂၀၁၅ NLD မန္တလေးတိုင်းအမတ် ဦးမြင့်အောင်မိုးဆိုတာကိုလည်း ရေးတေးတေးပင်မသိ။ သိမှသိတော့လည်း မြဝတီမြို့အနီး၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ် ပရဝဏ်ထဲက ပြည်သူ့အပန်းဖြေနေရာ ဗျူးပွိုင့် ဆိုတဲ့ တောင်ကုန်းပေါ်။ ဗျူးပွိုင့်ဆိုတာက ၂၀၂၄ အောက်တိုဘာ ၁၇ရက်က KNLAနဲ့ ပူးပေါင်းတပ် သိမ်းပိုက်ခဲ့တဲ့ ခွေးကုန်းလို့ ကျနော်တို့ခေါ်ကြတဲ့  စွယ်တော်ကုန်း(အမြောက်ကုန်းတပ်စခန်း)နဲ့ မျက်နှာချင်းဆိုင် လက်တစ်ကမ်းနေရာ။ မပြေးရ မနေနိုင်တဲ့ ကျနော် လေးကေ့ကော်ရောက်ပြီး တစ်ပတ်မကြာ၊ စောစောထ ဖွဖွပြေး လေ့ကျင့်ခန်း၊ ဗျူးပွိုင့်ပေါ် ပြေးတက်လာတော့ ဖွဖွလေးပြုံးကာ နှုတ်ဆက်တဲ့ ကိုမိုးကြီးနဲ့ ဆုံတယ်။ သူနဲ့သူ့ မိတ်ဆွေ လွှတ်တော်အမတ်ကလည်း ဒီဗျူးပွိုင့်ပေါ်အရောက် မနက်တိုင်း လမ်းလျှောက်နေကျတဲ့။
ဘယ်သူ ဘာမှန်းမသိ အခုမှတွေ့တဲ့ လေးကေ့ကော်မှာ သူက ရိုးရိုးရှင်းရှင်းပဲ မန်းလွှတ်တော်အမတ် ပါလို့ မိတ်ဆက်ရုံမက သူတို့အမတ်တွေစုဌားနေတဲ့ အိမ်ကိုလည်း အလည်လာဖို့ ဖိတ်ခေါ်တယ်။ သူတို့ဌား နေတဲ့အိမ်က လေးကေ့ကော်အဝင်ထိပ် ဖုန်ထောင်းထောင်းထနေတဲ့ ကားလမ်းမနံဘေး။ ကျနော်မှီခိုရာ အိမ် နဲ့လည်း သိပ်မဝေးတာကြောင့် ညနေခင်းတစ်ခုမှာ ရောက်သွားတော့ သူတို့မန္တလေးအုပ်စုက လှိုက်လှဲစွာ။
၃-၄ခေါက် ရောက်ပြီးတဲ့အချိန် ကိုမိုးကြီးက သူတို့အားလုံးရဲ့ရှေ့မှာ ရှိနေမှန်း သိရတယ်။ ကိုမိုးကြီးက စကားကို လိုသလောက်ပဲ ပြောတတ်တာလည်း သတိထားမိတယ်။ သူက ဦးစီးဦးဆောင်၊ လူကြီးဆန်ဆန်၊ လက်ဖက်ရည်ဆိုင်ကလွဲလို့ ဟိုဆိုင်ဒီဆိုင် မျက်စောင်းမထိုး။
အဲဒီအိမ်မှာပဲ ထပ်တွေ့ရတာက မြင်းခြံအမျိုးသားလွှတ်တော်အမတ် ကိုအောင်မျိုးလတ်(ယခု မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ) ။ သူသည် လည်း ဘာဆိုဘာမှမသောက်။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ကွမ်းမစား။ ထမင်းကိုတောင် နည်းနည်းပါးပါး ဖွဖွလေးစားတာမို့ ဒီအစာအိမ်ကြောင့် မကောင်းတတ်လို့ စားနေရသလိုမျိုး။ ပြီးတော့ သူက မြင်းခြံသူဌေး၊ရည်းစားတောင်မရှိခဲ့ဖူးတဲ့ လူပျိုကြီး။ စီးပွားရေးဆိုတာကို လူကြားကောင်းရုံလောက်လုပ်ပြီး ပရဟိတ လုပ်ငန်းတွေနဲ့ အချိန်ကုန်၊ အဲဒီနောက် နိုင်ငံရေးထဲအထိ ခြေစုံထပ်ပစ်။
သူက မြင်းခြံသားမို့လို့လား။ အနုပညာလည်း စိတ်ဝင်စားတာကြောင့် တောင်ရေးမြောက်ရေးနဲ့ စာပေလောကမှာ အသိုက်ဖွဲ့နေထိုင်နေသူ ကျနော်နဲ့ အလွမ်းသင့်။  သူက လေးကေ့ကော်နဲ့မလှမ်းမကမ်း၊မြဝတီ မြို့နဲ့လည်း နီးတဲ့ ပဟိကလော်ရွာမှာ တစ်ကိုယ်တော် အိမ်ဌားနေထိုင်သူ။ သူ့အပိုင် ကိုယ်ပိုင်ကားလည်း ရှိတာကြောင့် စိတ်သွားတိုင်း ကိုယ်ပါ။ ပဟိကလော် ဟိုဘက် ကေအဲန်ယူထိန်းချုပ်နယ်မြေရဲ့အပြင် မသွားတာကလွဲ ကားတစ်စီးနဲ့ လေးကေ့ကော်တခွင် ခရီးတွင်။
ကိုမိုးကြီးကို သူ့အိမ်မှာ ဖုန်းတစ်လုံးနဲ့ zoom မီတင်တက်နေတာ မကြာခဏ မြင်ရသလို ကိုအောင်မျိုးလတ် ကျ မပြတ်တမ်းဝင်လာနေတဲ့ ဖုန်းနဲ့ အလုပ်ရှုပ်နေတာ တွေ့ရ။ သူတို့မြင်းခြံခရိုင် PDF အဖွဲ့အစည်းတွေကြား လူးလားခေါက်ပြန် အလုပ်လုပ်နေပုံကို ခပ်ရေးရေးကြားရ။ နောက်ပိုင်း အပြန်အလှန်နက်ရှိုင်းမှုရှိတဲ့အ ချိန်ရောက်တော့ မြင်းခြံခရိုင် တော်လှန်ရေးမှာ သူ့အခန်းကဏ္ဍ ထဲထဲဝင်ဝင် ရှိမှန်း သိရတယ်။
နောက်တစ်ယောက် ကျနော်က ဆရာကျော်လို့ ခေါ်တဲ့ ကိုကျော်သူထွန်း။ သူသည်လည်း အညာရောင် အသားအရေနဲ့ မန်းမြို့တော်ရဲ့ ၂၀၂၀ရွေးကောက်ခံတိုင်းလွှတ်တော်အမတ်။ တစ်ပတ်မှာ တစ်ခါလောက် ညနေခင်းကို ခပ်ပါးပါး အရောင်တင်ရတာ အကြိုက်ချင်းတူတာကြောင့် လေးကေ့ကော်အစွန် တောင်ကျရေကန်ကြီး ရဲ့ဘေး ဆည်းဆာလို့အမည်တွင်တဲ့ဆိုင်မှာ ကျနော်တို့စကားကောင်းခဲ့ကြတာ နှစ်ကြိမ်တိုင်။
ကျနော်တို့ဘဝက ခဏတာသာ အေးချင်ယောင်ဆောင်ခွင့်ရတာမို့ ဘယ်သိပ်ကြာလိုက်မလဲ။၂၀၂၁ဒီ ဇင်ဘာ ၁၄ မှာ လေးကေ့ကော်မြို့ထဲ စစ်တပ် ဝင်ချလာတာကြောင့် ကျနော်တို့ နောက်တစ်လှမ်းဆုတ်ခဲ့ရတယ်။ ကျနော်က လေးကေ့ကော်နဲ့ တော်တော်ဝေးတဲ့ ဒေါနတောင်တန်းပေါ်က စမ်းချောင်းစခန်းမှာ လေး၊ ငါးရက်။အဲဒီကနေ ပြန်ဆင်းလာပြီး လေးကေ့ကော်နဲ့မျက်နှာချင်းဆိုင် ထီးမယ်ဝါးခီးရွာစာသင်ကျောင်း ရောက်ရှိ။
သူတို့အုပ်စုက ထီးမယ်ဝါးခီးရွာ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခုထဲ ရောက်ရှိနေကြ သတဲ့။ အဲဒီအချိန် လေးကေ့ကော်တစ်ခြမ်းကို KNLAပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်သေးပေမဲ့ ပဟိကလော် နဲ့ကပ်လျက် မယ်ထော်သလေးမှာ တိုက်ပွဲတွေ ဖြစ်နေပြီ။ ခွေးကုန်း(စွယ်တော်ကုန်း-အမြောက်ကုန်း)ကနေ လေးကေ့ကော်နဲ့ ထီးမယ်ဝါးခီးကို ကျော်ကာ လက်နက်ကြီးတွေနဲ့ ပစ်နေလိုက်တာ ပဟိကလော်က အိမ်တချို့ ပေါ် ကျရောက် ပေါက်ကွဲ၊ အတိုင်းသား မြင်နေရ။ လေးကေ့ကော်မှာလည်း လူတွေကုန်ပြီ။ ထီးမယ်ဝါးခီးရွာကြီးမှာလည်း လူတွေ မရှိသလောက်နီး၊ သောင်ရင်းမြစ်ကမ်းဘေးက ဖလူးနဲ့ ထိုင်းဘက်ခြမ်း ပြေးကြ။ ထီးမယ်ဝါခီးဟာနေ့ခင်း ကြောင်တောင် လမ်းမပေါ်လူသူကင်းမဲ့ ခြောက်ခြားဖွယ်။ ရွာထဲ ကျန်ခဲ့တဲ့ ခွေးတွေလည်း အငတ်ဘေးသင့် အရိုးပြိုင်းပြိုင်းထ။
ကျနော်တို့နေတဲ့ စာသင်ကျောင်းမှာ KNLA နဲ့ပတ်သက်ရာပတ်သက်ကြောင်း လေး၊ ငါးဆယ်။ ဘုရားကျောင်းအဆောက်အအုံမှာက လွှတ်တော်အမတ်၂၀ ဝန်းကျင်။ မနက်ခင်းတစ်ခု သူတို့ဆီ ကျနော်ရောက်သွားတော့ အိုးကြီးအိုးငယ်တွေနဲ့ ချက်ပြုတ်နေတာ မြင်ရ။ ဘာအတွက်လဲဆိုတော့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ စားဖို့ ထမင်းနဲ့ဟင်း။
အညာသား အိုးသူကြီး ကိုမိုးကြီးက ချွေးဒီးဒီးကျ ချက်ပြုတ်နေတဲ့ကြား ကော်ဖီတစ်ခွက် လာတိုက်တယ်။  မသောက်ရတာ နည်းနည်းကြာပြီဖြစ်တဲ့ ကော်ဖီကို အရသာခံ၊ ကိုအောင်မျိုးလတ်နဲ့ လတ်တလော အတွေ့အကြုံတွေ ဖလှယ် တော်ကီတွေနိုင်နိုင် ပစ်လို့။ ဘယ်လို ရှေ့ဆက်ကြမလဲလို့ မေးကြည့်တော့ မီးစင်ကြည့် ကမယ်၊ အတတ်နိုင်ဆုံး ကိုယ့်မြေပေါ်မှာပဲ နေကြမယ်လို့ဆိုရဲ့။
“ဘယ်လိုမှ နေလို့မရတဲ့အဆုံးကျမှ မဲဆောက်ကို စဉ်းစားမယ်”တဲ့။
သူတို့ဆီကနေ ပြန်အထွက် ကိုမိုးကြီးနဲ့သူ့မိတ်ဆွေ နှစ်ယောက်စပ်ဝယ်ထားတဲ့ ကားလေးကိုမြင် တာနဲ့ “ ခင်ဗျားကားရော”လို့ မေးကြည့်မိ။ “စစ်တပ် မဝင်ခင်လေးတင် အခြေအနေသိပ်မဟန်တာနဲ့ ပြန်ရောင်းလိုက်ပြီ”လို့ ဆိုတယ်။
၂၀၂၁ ဒီဇင်ဘာ၂၃ မှာ ကျနော်နဲ့ လုပ်ဖော်ကိုင်ဘက်တချို့ မဲဆောက်ကို ဆုတ်တယ်။ ကိုမိုးကြီးတို့ ကို အောင်မျိုးလတ်တို့ကတော့ ထီးမယ်ဝါခီးမှာ လက်သီးဆုပ်လျက်။ ၂၅ ရက်နေ့မှာ ထီးမယ်ဝါးခီးကို လက်နက်ကြီး နဲ့ပစ်ပြီး စစ်ကြောင်းဝင်ထိုးတော့ ကိုမိုးကြီးတို့ ကားကိုတောင် မယူနိုင်။ ဝရုန်းသုန်းကား သောင်ရင်းမြစ်ဘေးသို့ ထပ်ဆုတ်ရ။ အဲဒီမှာလည်း ဘယ်လိုမှ ရပ်တည်လို့မရတော့တဲ့အခါကျမှ ၂၀၂၂ ဇန်နဝါရီအစ သူတို့တစ်သိုက် မဲဆောက်ကို ငိုက်စိုက် ရောက်လာကြတယ်။
မဲဆောက်မှာလည်း သူတို့တစ်စုတစ်စည်းတည်း။ မဲဆောက်ရောက်ခါစ တရားမဝင်တွေနဲ့ ထုံးစံအတိုင်း ရောက်ရောက်ချင်း မသွားရဲမလာရဲ။ ပြီးတော့ ကိုယ်ရောက်နေတဲ့နေရာကိုတောင် စာလုံးပေါင်းမှန်အောင် မပြောနိုင်သေးတာကြောင့် မဲဆောက်ပရဝဏ်မှာ သူတို့နဲ့ကိုယ်ကြား ကမ္ဘာခြားနေသလိုမျိုး။
သူတို့က မဲဆောက်ဆေးရုံနားမှာ နေတယ်တဲ့။ ဆေးရုံနားဆိုတော့ မဲဆောက်မြို့တွင်း တစ်နေရာ။ မဲဆောက်ဈေးနဲ့လည်းနီး။ ကိုမိုးကြီးက ဆိုင်ကယ်ဝယ်ထားတာမို့ စိတ်သွားတိုင်းကိုယ်ပါ ဘယ်နေရာမဆို နီးနီးလေး။ စကားစပ်လို့ ပြောရရင် မဲဆောက်ပြည်ပြေးလောကမှာ တရားဝင်နေထိုင်ခွင့်ကတ်လုပ်ပြီး တရားဝင်ကားတဝီဝီစီးနိုင်သူတွေက အမြင့်စား။ သူ့ရဲ့အောက်မှာက ဆိုင်ကယ်စီးနိုင်သူတွေ တစ်စား။ ပြီးတော့ အီးဘိုက် စီးနိုင်သူ။ ပြီးတော့ ကျနော်တို့လို စက်ဘီးသမား။ အောက်ဆုံးအဆင့်ကတော့ စက်ဘီးတောင်မစီးနိုင် ပြာခါနေသူများ။ အဲဒီလို အတန်းအစားငါးခု၊ ထားတော့။
ဆိုင်ကယ်နဲ့ လည်လည်ဝယ်ဝယ်ဖြစ်နေတဲ့ ကိုမိုးကြီးလာခေါ်လို့ ၂၀၂၂ ဩဂုတ်လောက်မှာ သူတို့ထိုင်နေကျ လက်ဖက်ရည်ဆိုင်ရောက်ရှိ။ လေးကေ့ကော်က မိတ်ဟောင်းတွေကို ပြန်တွေ့ရလို့ ဝမ်းသာရ။ ကိုအောင်မျိုးလတ် နဲ့ ကိုကျော်သူထွန်းက NUG အစိုးရရဲ့ တာဝန်ပေးချက်အရ တပ်မဟာ ၅ ထဲရောက်နေတယ်တဲ့။
နောက်သိပ်မကြာပါဘူး။ သူတို့၂ယောက် ကေအရွဲကြီးတွေနဲ့ ပြန်ရောက်လာတယ်။ တပ်မဟာ ၅မှာ စုစုပေါင်း၇လ၊ တာဝန်ပြီးလို့ မဲဆောက် ပြန်ခို။ ကိုအောင်မျိုးလတ်က ဆိုင်ကယ်နဲ့မို့ ကျနော်လည်း တစ်ပတ်တစ်ရက် သူ့ဆိုင်ကယ်နောက်လိုက်ကာ မဲဆောက်ဝန်းကျင်ရွာတွေဘက် လျှောက်သွားကြ။ ကံဆိုးတဲ့ ရက်တချို့မှာလည်း မဲဆောက်ရဲနဲ့ တည့်တည့်တိုးကာ မဲဆောက်ရဲစခန်းထဲ ရောက်ရှိ ငွေညှစ်ခံရ၊ နှစ်ခါ။
မဲဆောက်မှာ သူတို့ဘာလုပ်နေကြသလဲဆိုတော့ Zoom မီတင်တက်၊ ဒေသတွင်းတော်လှန်ရေးအ တွက်နိုင်တဲ့ဝန်ထမ်း။ အောက်ပြည်အောက်ရွာက NLD အမတ်တချို့ စောစောစီးစီး အမေရိကန်ရောက်ရှိနေပြီ ဖြစ်ပေမဲ့ သူတို့ကတော့ တတိယနိုင်ငံအိပ်မက် လုံးဝမရှိ။
၂၀၂၂ ဒီဇင်ဘာမှာတော့ Zoom နိုင်ငံရေးလောက်နဲ့ မလုံလောက်ဘူးလို့ ယုံကြည်တဲ့ ကိုမိုးကြီးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ မန္တလေးပြန်သွားတယ်။ မန္တလေးလွတ်မြောက်နယ်မြေ၊ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်အဘိဓမ္မာနဲ့ကိုယ် ရိုးရိုးလေးပဲ။
“လွတ်မြောက်နယ်မြေတွေ များလာတာနဲ့အမျှ မြေပြင်မှာလူထုနဲ့ ဆက်စပ်ဖော်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေက သိပ်များတယ်”လို့ ကိုမိုးကြီးက ဆိုတယ်။
ဒေသတွင်း PDFတပ်တွေနဲ့ တွဲဖက်လုပ်ကိုင်စရာတွေရှိတယ်။ လူထုနဲ့ တစ်သားတည်းရပ်တည်ကာ လူထုလိုအပ်ချက်၊ တော်လှန်ရေးရည်မှန်းချက် ကျနော်တို့ တတ်စွမ်းသလောက် ဖော်ဆောင်ဖို့ရှိတယ်လို့ဆိုကာ ကိုအောင်မျိုးလတ်နဲ့ ကိုကျော်သူထွန်းတို့ ပြည်တော်ပြန်ဝင်ကြပြန်တော့ ကျနော် လှိုက်ခနဲခံစားမိတယ်။
မဲဆောက်မှာ သူတို့ကိုယ်ပိုင်ငွေနဲ့ အေးအေးဆေးဆေး နေနိုင်တယ်ဆိုတာ ကျနော်ကောင်းကောင်းသိတယ်။ မဲဆောက်မှာ Zoom မီတင် တက်ရုံမက သူတို့ဒေသတွင်း လုပ်ငန်းဆောင်တာ သူတို့နိုင်သလောက် ထမ်းနေတယ်ဆိုတာလည်း ကျနော်သိရှိ။ ပြောရရင် မဲဆောက်မှာ နိုင်ငံရေးသိက္ခာမကျနေနိုင်ရဲ့သားနဲ့ ပြည်တော်ဝင်လမ်းကို သူတို့ရွေးချယ်။
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူထုနဲ့ တစ်သားတည်း၊ ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေနဲ့ အနီးဆုံးနေရာမှာ ရှိနေဖို့လိုတယ်လို့ သူတို့ ခံယူကြတယ်။
စိတ်လှုပ်ရှားစွာနဲ့ ကျနော် ဒီစာကို ရေးလိုက်မိတယ်။
ရေးသားသူ-လင်းခေတ်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ဒို့ပြည်
#ရသစာတမ်း #အနုပညာ #စာပေ #ဆောင်းပါး #ရုပ်ပုံလွှာ #မန္တလေးဒေသ #ကြားကာလ #အုပ်ချုပ်ရေး #လွှတ်တော်ကိုယ်စားလှယ်

You may also like these