သာရေးနာရေးမရှောင် ပျူစောထီးတွေက စစ်မှုထမ်းဖမ်းဆီးနေ
ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ် ထဲမှာ မနက်(၆) နာရီ မှ ည(၆) နာရီ အချိန်ကိုကျော်လွန်ပြီး အပြင်ထွက်သူတွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရပါက တာဝန်မယူဘူးလို့ အသစ်ရောက်ရှိလာတဲ့ မြို့စီမံ စစ်ကော်မရှင်ဗိုလ်မှူးက ပြောတယ်ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့လယ်ခန်းမမှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ တက်ရောက်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ နီးစပ်သူက ဒို့ပြည်ကို ပြောပါတယ်။
“စစ်မူထမ်းကြေးပေးနေတဲ့ရွာတွေကို ပိုက်ဆံပေးထားလည်း မနက် ၆ ည ၆အပြင် မထွက်နဲ့ထွက်ရင်ဆွဲမယ် ပိုက်ဆံပေးထားလဲတာဝန်မယူဖူးဆိုပြီး အုတ်ဖိုမြို့နယ်အစည်အဝေးမှာ စကမဗိုလ်မှူးကပြောလိုက်ပါတယ်။ ရွာကလူကြီးတွေ ငွေသွားပေးတော့ ပထမဗိုလ်မှူးကမရှိတော့ဖူး အခုအသစ်ရောက်နေတယ်လို့တော့ ပြောတယ် စကမ ကငွေတိုးတောင်းရင်တောင်းသလို တိုးမြှင့်ကောက်တာတွေရှိတယ်ဗျ” လို့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ နီးစပ်သူက ပြောပါတယ်။
အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေအနေနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့် သာမန်လက်လုပ်စားတအိမ်ကို ၃ သောင်းကျပ်၊ လယ်ချောင်းပိုင်ဆိုင်သူ ၅ သောင်းကျပ်၊ ပြည်ပထွက်အလုပ်လုပ်သူရှိပါက ၅ သောင်းကျပ် တို့ကို လစဉ်ပေးဆောင် နေရတယ်လို့ ဒေသတွင်းက သိရပါတယ်။
“တနေ့လုပ်မှတနေ့စားသမားတွေဗျာ အခုဆိုပဲ ကိုင်းထိုးထားတော့ ဆေးပတ်တာကလွဲ အခြားအလုပ်မရှိဖူးလေ ကိုယ့်ဝမ်းစာကိုတောင်မနည်း ရှာကြံစားနေတာ သူ့တို့ကိုလစဉ်ကြေးပုံမှန်ပေးနေရတော့ သာမာန်ဘဝတွေအတွက် မလွယ်ပါဖူး” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်နေ့က ခရိုင်ကအဖွဲ့တွေ ဆင်းပြီး ပေါ်တာဝင်ဆွဲလို့အိုးသည်ကုန်းမြို့၊ စက်ကြီးတန်းထဲက လူငယ်တွေပါသွားခဲ့ပြီး စစ်မူထမ်းကြေးပေးထားလို့ တချို့ကိုတော့ နောက်တရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂုံညင်းတန်းဂိတ်က ပျူစောထီးစိုးမင်း ကလည်း သောင်းကြမ်းနေပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေကို သာရေးနာရေးမရှောင် ဖမ်းဆီးနေတယ်လို့လည်း ပြောပါတယ်။
“ရွာထဲ သာရေးနာရေးရှိရင်တောင်လူမနေရဲဖူးဗျ။ ဒီကောင်ပျူစောထီးစိုးမင်းက မထင်သလိုဝင်ဆွဲတာ ဒီကောင်ကအပါးအနပ်ရှိတယ်။ သူ့သွားလေရာမှာ တပည့်တွေကိုဆိုင်ကယ်နဲ့ ရှေ့နောက်ထားပြီး သူ့ကကားနဲ့သွားလာလေ့ရှိတယ်။ သူ့ရဲ့တပည့်အရင်းကတော့ ဓားမြှောင်ခါးထိုးပြီး သူ့အနားမှာအမြဲလိုလိုနေတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်မှုထမ်းဖမ်းဆီးမှုတွေ ကို ပျူစောထီးတွေနဲ့ စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေက အတင်းအဓမ္မ ပြုလုပ်နေတဲ့အတွက် လူငယ်လူကြီးမရွေး ညဘက်အပြင်တွေသွားလာတာတွေ မလုပ်ကြဖို့အကြံပြုပါရစေလို့လည်း မြို့ခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#သာယာဝတီခရိုင် #အုတ်မြို့နယ် #ပဲခူးရိုးမ #ရန်ကုန်ပြည်ကားလမ်း #ပျူစောထီး #ထိုင်းနိုင်ငံ #PDF