နတ်တလင်းမှာ စစ်ရှောင် (၃) သောင်းကျော်လာ စောင်နဲ့ဆေးဝါး အကူညီလိုအပ်

🟥 ပြည်တွင်း/ပြည်ပ ရှိ နတ်တလင်းမြို့သူ/သားတွေက ကူညီနေကြ

ဒီဇင်ဘာ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၂၀ ကျော်ခန့်က စစ်ဘေးရှောင်နေရသူ ၃ သောင်းကျော်လာပြီလို့ ဒေသခံတွဆီက သိရပါတယ်။

ယနေ့ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒေသခံတွေရဲ့ ပြေဆိုချက်အရ စစ်ရှောင်အများစုဟာ နေအိမ်တွေကို ပြန်လည်နေထိုင်နိုင်တာမရှိဘဲ တောတိုက်၊ တောင်ကုန်း နဲ့ လယ်/ယာ အစပ်တွေမှာ ဖြစ်သလိုနေနေကြရတဲ့အတွက် ဆောင်းရာသီအအေးဒဏ်ကို ခံနေရပြီး ကျန်းမာရေးပိုင်းဆိုင်ရာတွေ ထိခိုက်လာတယ်လို့ သိရပါတယ်။

“စစ်ရှောင်အင်အား သုံးသောင်းလောက်ရှိတယ် စစ်ရှောင်တွေကိုတတ်နိုင်သမျှ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ကူညီဆောင်ရွက်ပေးနေတယ်။ ဒါပေမဲ့ စောင်နဲ့ ဆေးဝါးတွေလိုအပ်တယ်။ အစားအသောက်ထပ် ဆောင်းတွင်းရာသီဖြစ်လို့ စောင်နဲ့ဆေးဝါးပေါ့ တော်တော်များများစစ်ရှောင်တွေက တောတိုက်နဲ့ လယ်ကွင်းထဲတွေမှာလည်း များတယ်။မြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ရှောင်တွေရှိနေပါတယ်။ ဒါကြောင့် အားလုံးကူညီဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတဦးက ဒို့ပြည် ကိုပြောပါတယ်။

စစ်ရှောင်နေကြရတဲ့ကျေးရွာတွေကတော့ ဒမငယ်၊ ရှားစေးဖို၊ ငုတ်တို၊ သရက်ပင်ကန်၊ ဖလံပင်၊ ပေါက်တုန်း၊ ကြို့ပင်သာ၊ စံကြီးလောင့်၊ ချောင်းကမ်းကြီး၊ ထန်းတော၊ ကျောက်ခွက်၊ ကျောက်ဆွယ်၊ ကျွန်းလေးပင်၊ သာယာကုန်း၊ အုန်းနှဲကန်၊ ဥရှစ်လှ၊ ကြံအင်း၊ ရွာသစ်၊ ရွာမ၊ ဖေါင်ချောင်း၊ သခွပ်ကုန်း၊ ပဲမခမ်း ကျေးရွာတွေဖြစ်တယ်လို့ လည်းသိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း/ပြည်ပ ရှိ နတ်တလင်းမြို့သူမြို့သားတွေအပြင် အခြား အလှူရှင်တွေက ကူညီထောက်ပံ့တာ၊ တွေ လုပ်ဆောင်နေပြီး မြို့ပေါ် ဘုန်းကြီးကျောင်း မှာ ရှောင်တိမ်းနေကြတဲ့ စစ်ရှောင်တွေကိုတော့ ထမင်းကျွေးတာ၊ ဆေးဝါးစောင့်ရှောက်မှုပေးတာတွေကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

“အခုကတော့တောတွေထဲကနေ မပြန်ကြရသေးပါဘူး။ မငြိမ်သေးဘူး။ ညကလည်း ညောင်ကုန်းကနေပြီး ငုတ်တိုရွာဘက်ကို လက်နက်ကြီးနဲ့ထုတယ်ကြားတယ်” လို့ စစ်ရှောင်တွေရဲ့ မိသားစုဝင်တဦးဖြစ်သူအမျိုးသမီးတဦးက ဒို့ပြည် ကိုပြောပါတယ်။

ဒေသတွင်းကိုတော့ စစ်ကော်မရှင် လျှပ်စစ်ဖြတ်တောက်ထားတာ တပတ်ခန့်ရှိပြီဖြစ်ပြီး စာသင်ကျောင်းရှေ့မှာလည်း ဗုံးကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့အတွက် ကျောင်းတွေပိတ်ထားပြီး ကျောင်းသားကလေးငယ်တွေလည်း ကျောင်းတက်နိုင်တာမရှိဘူးလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဒမငယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကမ ဗိုလ်ကြီးတဦးအပါ ၁၁ ဦးသေဆုံးခဲ့ပြီး PDF တပ်ဖွဲ့တွေဘက်ကလည်း ၁ ဦးကျခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအပြီးမှာတော့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေကို ရက်ဆက်လုပ်ခဲ့သလို မြေပြင်မှာလည် စစ်ကြောင်းထိုးတာတွေကို တိုးမြှင့်လုပ်ဆောင်လာပါတယ်။

ဓါတ်ပုံ- လူမှုကွန်ရက်စာမျက်နှာက ကူးယူဖော်ပြပါသည်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပေါင်းတည် #ဇီးကုန်း #နတ်တလင်း #ဒမငယ် #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #စစ်ဘေးရှောင် #ကူညီကယ်ဆယ်ရေး

 

You may also like these