“ခလောက်သံကြားဖို့ ခေါင်းရမ်းစို့ အစီအစဥ်”

(သရော်စာ)

ဒီဇင်ဘာ ၂၁၊ ၂၀၂၅။

“ဆာဇေ ကျွဲပါးစောင်းတီး ဆိုတဲ့စကားကို ဘယ်လိုနားလည်ထားလဲဗျ”

“အလို မောင်မှတ်ကြီးရယ် ဗုံသံမပါဆိုင်းသံမနှောပဲ ဘယ့်နှာကြောင့် မေးခွန်းကြီးနဲ့တန်းဝင်လာရတာတုန်းဟ”

“ဂလို ဆာဇေရ။ အဲဒီ ကျွဲပါးစောင်းတီး ဖြစ်စဥ်ကြီးကို ကျုပ်က မျက်ဝါးထင်ထင်တပ်အပ်မြင်ခဲ့ရသဗျို့”

“အံမယ် ဘယ်မှာများမြင်ခဲ့ပြန်ပါလိမ့်ဟ။ ဘာလဲ တစ်တော့ကာ တစ်ယောက်ယောက် ဆယ်လီဖြစ်ရေး တို့အရေးဆိုပြီး ကျွဲနားမှာ စောင်းကောက်ကြီးနဲ့ တစ်တော့ရိုက်နေတာမြန်းလားဟ”

“ဆာဇေတို့ကတော့ တောက်တီးတောက်တဲ့ပြောရော့မယ်၊ ဘယ်ကတစ်တော့ကာတွေတစ်တော့တာတွေဟုတ်ရမလဲ။ လိုင်းပေါ်မယ် ဟိုးဟိုးကျော်နေတဲ့ သတင်းမှန်ပြန်မကြားရေးပွဲတစ်မှာလေ”

“ဇော်မဲလုံး လမ်းဘေးလူမိုက်အထာနဲ့ ပြန်ပက်တဲ့ဟာလားဟ”

“ဟုတ်ပ ဆာဇေ။ NHK သတင်းထောက်အမျိုးသမီးက ဒီဇင်ဘာ၂၈ ရကပ ဟာ အတင်းအကျပ်လုပ်တဲ့ပွဲ ဆိုတာဟုတ်ပါသလား ဘာညာလေးမေးတဲ့ဟာကိုလေ”

“သတင်းထောက်ကို နူတ်သီးကောင်းကောင်းနဲ့ ရန်တွေ့နေလိုက်ပုံမြန်း၊ အမေးတခြားအဖြေတခြားပါဗျာ။ ကျုပ်တို့က ပေမမှီဒေါက်မမှီတွေလား ဘာလားနဲ့ အဟေးဟေး။ ကိုယ့်ဘာသာလည်းသိနေမင့်ဟာကို”

“အေးပေါ့ဟ သတင်းထောက်က ကမ္ဘာ့နိူင်ငံတွေက ဘာညာထောက်တာကိုး။ မအလတို့အုပ်စုဒီမိုကရေစီက ဒေါ်စိန်အေးထုတ်ကြီးလကွာ”

“အံမယ် ဒါပေမယ့် NHK ကသိချင်တဲ့အချက်အလက်တွေကို ပီးပါပီ ပါတီက ကြွေးထူမက ပြန်ရှင်းပြသဗျာ။ တပ်ကတပ်နေရာမနေဘူး။ ဒိုင်နေရာမှာလည်းမနေဘူး။ သူရို့ကိုယ်တိုင်ဝင်ပြိုင်နေပြန်တော့၊ ယှဥ်ပြိုင်ရတဲ့ပါတီတွေက အာဏာရအစိုးရနဲ့ပြိုင်ရသလိုဖြစ်နေတာပေါ့တို့။ ရွေးကောက်ပွဲကတရားမျှတသလားဘာလားတော့ ပွဲပြီးမှသိရမယ်ဆိုပြီး အင်တာဗျူးဖြေထားသဗျို့ ဟို့ဟို့”

“အေးပေါ့ သသခ လည်းသူမပါရတော့တဲ့အတူတူ ညစ်တွန်းတွန်းပြီပေါ့။ ဒါတောင် မအလကြီးငယ်ရွယ်လတ်တွေက ရကပ မှာကြံ့ဖွတ်ကို မဲထည့်ဖို့ဖိအားပေးတာမပါသေးဘူး”

“အမှန်က ဆာဇေရေ ကျားဖြန့်ကိစ္စ ရကပ ကိစ္စ လုပ်ကွက်တွေက ခြူသံထွက်အောင်ခေါင်းရမ်းနေတာပါ။ အလုပ်မဖြစ်ပါဘူး”

“ဘာတုန်းဟ မင့်ဟာက”

“ပုံပြင်တစ်ပုဒ်ရှိတယ်လေ။ ဟိုးတုန်းက ရွာတစ်ရွာကို ဆီကုန်သည်တစ်ယောက်လာပြီးဆီဝယ်သတဲ့။ အညာဘက်ပေါ့ဗျာ။ ခြေတံရှည်အိမ်ကြီးတစ်လုံးမှာဆီဝယ်ဖို့စျေးစကားပြောနေတာပေါ့။ အဲဒီမှာအိမ်ရှင်က ဈေးစကားပြောရင်းပါးစပ်က တဟဲ့ဟဲ့ လုပ်နေတော့၊ ဆီကုန်သည်က အကျိုးအကြောင်းမေးတာပေါ့။ အိမ်ရှင်က အိမ်အောက်မှာ ဆီဆုံရှိကြောင်း၊ ဆီဆုံမှာတပ်ထားတဲ့နွားကို ဆီဆုံလှည့်လားမလှည့်လားသိအောင်လည်ပင်းမှာ ခလောက်တပ်ထားကြောင်း ခလောက်သံရပ်သွားရင်အပေါ်က “ဟဲ့”လို့အသံပေးတာဖြစ်ကြောင်းရှင်းပြတာပေါ့။

ဆီကုန်သည်ကြီးကမေးတာပေါ့။ နွားက ရှေ့မတိုးပဲ ခေါင်းချည်းရမ်းနေရင်ရောဗျဆိုတော့၊ အိမ်ရှင်က ပြန်ပြောတယ်လေ၊ နွားက ခင်ဗျားလိုမတွေးမိတော့ စိတ်မပူရဘူးပေါ့ဗျာတဲ့လေ”

“ဪ အခု မအလတို့အုပ်စုက ဆီဆုံကိုမလှည့်ပဲ အသံထွက်ပြီးရော ခေါင်းချည်းရမ်းနေကြတယ်ပေါ့ ဟုတ်စ”

“သဘောပြောတာပါ ဆာဇေရာ ဟားဟား”

ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြိ

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#သရော်စာ #ကာတွန်း #ရွေးကောက်ပွဲ #အတုအယောင် #သတင်းမီဒီယာ #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား #မဲဆောက်

You may also like these