ပြည်မှာ ညအချိန် ရှောင်တခင်စစ်ဆေးပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေ ဒဏ်ရိုက်

🟥 ထွက်ပြေးသူ (၁) ဦးကို တုတ်နဲ့ပစ်ပြီး နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်ဖမ်း

ဒီဇင်ဘာ ၂၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညက ရှောင်တခင်ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးဒဏ်ရိုက်တဲ့အတွက် လူ(၃၀) လောက် ငွေပေးခဲ့ရတယ်လို့ မြို့ခံတွေဆီ က သိရပါတယ်။

ယမန်နေ့ည ၈ နာရီခန့်က ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်း၊ ဘူတာရှေ့ လမ်းတဖက်ခြမ်း (AEC စတိုး) ရှေ့မှာ အမှတ်(၂) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေအပါ လက်နက်ကိုင် (၁၅) ဦးခန့်နဲ့ အရပ်ဝတ် နဲ့ လူ(၅) ဦးခန့်ကလည်း လက်နက်တွေကိုင်ဆောင်ထားသလို ဗဟိုမီးသတ်ယူနီဖောင်းနဲ့ (၃) ဦး စုစုပေါင်း (၂၃) ဦးနဲ့ စစ်ဆေးခဲ့တာလို့ သိရပါတယ်။

“ဆိုင်ကယ်တွေဖမ်းပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဘေးရပ်ပြီးသော့ဖြုတ်ယူပြီး လူတွေကို ငုတ်တုတ်ထိုင်ခိုင်းထားတာ၊ ဦးထုပ်၊ ဘတ်မှန်ဒဏ်ရိုက်တယ်။ ရှစ်နာရီလောက်မှာတောင် ဖမ်းခံထားရတဲ့သူ သုံးဆယ်လောက်ဖမ်းခံထားရပြီ။” လို့ ကိုယ်တိုင်ကြုံတွေခဲ့ရသူက တဦးက ဒို့ပြည် ကိုပြောပါတယ်။

ဖမ်းဆီးစစ်ဆေးမှုကို ည(၉) နာရီထိ လုပ်ဆောင်ခဲ့ပြီး လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူနဲ့ ဘတ်မှန် မတပ်သူ (၅၀) ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ဘေးငုတ်တုတ်ထိုင်နေတဲ့ ထဲကတဦးက ထပြေးတာ ဝကျစ်တုတ်နဲ့ပစ်ပေေါက်ပြီး လှဲကျသွားတော့ နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်ကြတယ်။” လို့ မြင်တွေ့ခဲ့ရသူတဦး ကလည်း ဒို့ပြည် ကိုပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ်ငှားရမ်းစီးနင်းလာတဲ့ အမျိုးသမီးတဦးဟာ ဆိုင်ကယ်ထားခဲ့ကာ လမ်းလျှောက်ပြန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီအမျိုးသမီးက သူများဆိုင်ကယ်ငှားလာတာ ဒဏ်ကြေးဆောင်ပါ့မယ်ပြောတာကို လူပြန်ခိုင်းတာမပြန်ချင်ရင် ဇာတ်လမ်းပိုရှုပ်သွားမယ်ဆိုပြီး တပွင့်နဲ့ရဲက ပြောပြီး ပြန်ခိုင်းတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

ပြည်မြို့နယ်အပြင် အခြား ခရိုင်တွင်းမြို့နယ်တွေမှာ စစ်ကော်မရှင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကင်းလှည့်တာ၊ တပ်စွဲတာ၊ စစ်ဆေးတာတွေကို တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ဒေသတွင်းပြည်သူတွေဆီက သိရပါတယ်။

ဓါတ်ပုံ-ပုံဟောင်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပြည်မြို့နယ် #ပဲခူးတိုင်း #လိုင်စင်မဲ့ #ဖမ်းဆီး

 

 

 

You may also like these