ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထဲက ကျေးရွာအချို့မှာ မဲမပေးမနေရ ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံပြောဆို ကြိုတင်မဲတွေကို ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စုအတွင်းက ရွာတွေကို မဲမပေးမနေရ လို့ ပြောဆိုခြိမ်းခြောက်ခဲ့တာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ က ရှားပင်ကုန်းကျေးရွာမှာ ကြိုတင်မဲတွေကို လိုက်လံကောက်ယူခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“၂၈ ရက်နေ့မှာကျေးရွာအုပ်စုထဲက ပြည်သူတွေကို မဲမပေးမနေရအမိန့်ထုတ်ထားတယ်။ မနေ့ညနေကလည်း ကြိုတင်မဲလိုက်ကောက်တယ်။ စစ်သားတွေ ရွာတွေမှာ တပ်စွဲတာတွေလုပ်လာတယ်” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ကြိုတင်မဲကောက်ယူရာမှာ ကြံခိုင်ရေးပါတီကိုယ်စားလှယ်အချို့၊ ရပ်ကျေးစာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ လိုက်ပါလာကြပြီး။ အခြား ပါတီဝင်တွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
“ကြိုတင်မဲကောက်တာက အခြားပါတီဝင်တွေ လိုက်လာမတွေ့ဘူး။ ကြံ့ဖွတ်ပါတီကပဲ လိုက်လာတယ်။” လို့ ဒေသခံကပြောပါတယ်။
ကြိုတင်မဲလိုက်လံကောက်ယူနေသူတွေဟာ စစ်မှုထမ်းကြေးစုဆောင်းကောက်ယူပေးနေသူတွေဖြစ်သလို ဒေသတွင်းလောင်းကစားဝိုင်းတွေကိုလည်း ပြုလုပ်ကာ စစ်တပ်ကို ဝင်ငွေရှာပေးနေသူတွေလည်း ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကော်မရှင်ကပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး စစ်တပ်က သောင်ပြင်ကုန်းကျေးရွာစာသင်ကျောင်းနဲ့ ဆင်ကျွန်းကျေးရွာမှာလည်း တပ်စွဲမယ်လို့ သိရပါတယ်။
ပုံစာ-ဒီဇင်ဘာ ၃ ရက်နေ့က ရွှေတောင်မြို့နယ်အတွင်း မဲစာရင်းလိုက်လံစစ်ဆေးနေတဲ့ စစ်ကော်မရှင်အဖွဲ့များ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပြည်ခရိုင် #ရွှေတောင်မြို့နယ် #စစ်ကော်မရှင် #အုပ်ချုပ်ရေး #အတုအယောင်ရွေးကောက်ပွဲ #မဲဆန္ဒ #ကြိုတင်မဲ