ပြည်မြို့မှာ မဖြစ်မနေမဲပေးကြဖို့ ခြိမ်းခြောက် စာရင်းပါသူတွေကို မဲနံပါတ်ကဒ်တွေ လိုက်ပေးနေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံသားအခွင့်အရေးအရ မဲမပေးခွင့်ရှိတယ်လို့ ပြည်ခရီးစဉ်မှာ ပြောသွား

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်မြို့နယ်က ရပ်ကွက်၊ ကျေးရွာ တွေမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက ပြည်သူတွေကို မဲပေးကြဖို့ လိုက်လံပြောဆို ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

မနက်ဖန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကို ပြည်မြို့ခံတွေအနေနဲ့ မဲပေးကြဖို့နဲ့ မဲမပေးပါက ဖြစ်လာမဲ့ ပြဿနာတွေကို တာဝန်မယူဘူးလို့ လိုက်လံပြောဆိုနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာ အုပ်ချုပ်ရေးမှူးတွေက မဲမပေးမနေရဆိုပြီး မဲမပေးရင် ဘာဖြစ်မယ်ညာဖြစ်မယ်နဲ့။ မင်းအောင်လှိုင်လာတုန်းကတော့ မဲမပေးတာလည်း နိုင်ငံသားအခွင့်အရေးဆိုပြီး ပြောသွားတာ သူ့လူတွေက မဲအတင်းပေးခိုင်းနေတယ် တချို့က ခြိမ်းခြောက်နေကြတော့ ကြောက်ပြီး မဲပေးရမလိုဖြစ်နေကြတယ်။” လို့ မြို့ခံအမျိုးသမီးတဦးက ဒို့ပြည် ကိုပြောပါတယ်။

ရပ်ကွက်တချို့မှာတော့ မဲစာရင်းပါသူတွေကို နေအိမ်အထိ မဲပေးဖို့စာရင်းကဒ်တွေ လိုက်ဝေပေးနေပြီး မဲမဖြစ်မနေပေးရမယ်လို့ ပြောဆိုတာတွေဖြစ်နေကြတယ်။

“မဲစာရင်းတွေက ပါတဲ့သူတွေလည်း ပါတယ်။ တအိမ်ထဲကိုမပါသူတွေလည်းရှိတယ်။ တချို့ကလည်း မဲပေးရမလိုဖြစ်နေကြတယ်။ သူတို့က စောင့်ကြည့်ပြီး တခုခုလုပ်မှာစိုးနေကြတယ်” လို့ မြို့ခံတဦး က ဒို့ပြည် ကို ပြောပါတယ်။

ပြည်မြို့ နဝင်းအုပ်ချုပ်ရေးမှူးတင့်လွင် က ရာအိမ်မှူးတွေကတဆင့် မဖြစ်မနေမဲပေးဖို့ ပြည်သူတွေကို ဖိအားပေးနေသလို ကြခတ်အုပ်စု အုပ်ချုပ်ရေးမှူး သန်းစိုး ကလည်း ရာအိမ်မှူးတွေကတဆင့် မဖြစ်မနေမဲပေးဖို့ ပြည်သူတွေကို ဖိအားပေးနေတယ်လို့ ဒို့ပြည် ရဲ့ သတင်းရင်းမြစ်က စုံစမ်းရသမျှကို ပြောပါတယ်။

“တချို့ကလည်း ကြောက်ပြီး ကြံ့ခိုင်ရေးတော့ မပေးတော့ဘူး တကိုယ်တော်ဝင်းလှိုင် ကို ပေးမယ်တွေဖြစ်နေ ကြတယ်။” လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်မြို့၊ ခေတ္တရာမြို့တော်ခန်းမ မှာ မဲမပေးဘဲနေခွင့်ဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကော်မရှင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ဒေသမှာ ပြင်ဆင်တာတွေပြုလုပ်နေပြီး ဗိုလ်ချုပ်လမ်းတလျှောက်လမ်းလယ်ကျွန်း မီးတိုင်တွေမှာ နိုင်ငံတော်အလံတွေကို ချိတ်ဆွဲထားသလို ဗိုလ်ချုပ်လမ်းကအိမ်တွေနဲ့ အထင်ကရနေရာတွေကနေအိမ်တွေကို နိုင်ငံတော်အလံတွေ မထောင်မနေရ အဖြစ် ချိတ်ဆွဲရမယ်လို့ ပြောဆိုတာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပုံစာ- ပြည််မြို့ဗိုလ်ချုပ်လမ်းမှာ နိုင်ငံတော်အလံများချိတ်ဆွဲထားတာကို ဒီဇင်ဘာ လ ၂၇ ရက်နေ့ကတွေ့ရစဉ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပြည်မြို့နယ် #စစ်ကော်မရှင် #အတုအယောင် #ရွေးကောက်ပွဲ #မဲစာရင်း #လူထု #သတိပြုပါ #ထိုင်းနိုင်ငံ #မဲဆောက် #မြန်မာရွေ့ပြောင်းလုပ်သား

You may also like these