အယ်ဒီတာ့အာဘော်၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
စစ်တပ်ကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဘန်ကောက်သံရုံးမှာ မဲပေးသူ ၃၀၀ နီးပါးပဲ ရှိခဲ့ပါတယ်။
ဘန်ကောက်ခရိုင်တခုတည်းမှာပဲ မြန်မာရွေ့ပြောင်း ၁ သန်းနီးပါးရှိတယ်လို့ ထိုင်းစစ်တမ်းတွေမှာ ဖော်ပြပါတယ်။ မဲပေးသူ ၃၀၀ မှာ သံရုံးဝန်ထမ်းတွေနဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ ပညာတော်သင်တွေကိုလည်း ထည့်သွင်းတွက်ချက်ထားတဲ့အတွက် ကြိုတင်မဲပေးတဲ့ ပြည်သူဟာ မရှိသလောက်ကို နည်းပါးခဲ့တာပါ။
အခြား နိုင်ငံတွေမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ညီညီညွတ်ညွတ်နဲ့ မဲမထည့်ဘဲ ဆန့်ကျင်ကြပါတယ်။
ဒီတချက်တည်းနဲ့တင်ပဲ အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားအားထုတ်ခဲ့တာတွေကို ပြည်သူလူထုက အရှိုက်ကိုထိုးနှက်ခဲ့တာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း လူထုဆန္ဒအမှန်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ- ASECC/ SIF က စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို “မြန်မာပြည်အတွင်း အကြီးမားဆုံး လိမ်လည်မှု-၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ” လို့ ခေါ်ဆိုလိုက်ပြီး တွေ့ရှိချက်တွေကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
“သိသာထင်ရှားတဲ့အချက်ကတော့ ရွေးကောက်ခံမဟုတ်ဘဲ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲထည့်မှာက ၅၀ ရာခိုင်နှုန်းရှိတယ်။ အဲတော့ နဂိုရှိပြီးတပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ရွေးကောက်ခံမဟုတ်ဘဲနဲ့ တိုက်ရိုက်ထည့်မဲ့ ကိုယ်စားလှယ်၅၀ ရာခိုင်နှုန်းနဲ့ ပေါင်းရင်တောင် ဥပမာ ပြည်နယ်တိုင်းလွှတ်တော် ရွေးကောက်ခံမဟုတ်တဲ့ ၇၅ ရာခိုင်နှုန်းလောက်ဖြစ်နေတယ်ဆိုတော့ ပြောချင်တာက ရွေးကောက်ပွဲတနေရာကျင်းပနိုင်ယုံနဲ့ အစိုးရဖွဲ့လို့ရသွားတဲ့ အခြေအနေဖြစ်တယ်။” လို့ တွေ့ရှိချက်တွေကို ပြုစုခဲ့သူတဦးဖြစ်တဲ့ ကိုသိမ်းက ဒို့ပြည် ကို ပြောထားပါတယ်။
“ဘယ်သူနိုင်တော့မယ် ဘယ်သူတွေပဲနိုင်မယ်ဆိုဒါတွေကကို ကြိုသိနေတဲ့ဟာဖြစ်တယ် အဲလိုမျိုးကြိုသိဖို့က ဘာမှခက်နေတာမဟုတ်ဘူး သူတို့လုပ်ထားတဲ့ ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ်သတ်မှတ်ထားတာတွေကို ကြည့်ပြီးတော့ ခိုင်ခိုင်မာမာပြောလို့ရတယ်။ ဒီလိုအချက်တွေကြောင့် အကြီးမားဆုံးလိမ်လည်မှု၊ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကို ခိုင်ခိုင်မာမာ ပြောချင်တာဖြစ်တယ်။” လို့ သူက ဆက်ပြောပါတယ်။
အလားတူပဲ အခြားသုတေသနအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ စာတမ်းတွေထုတ်တာ၊ ကြေညာချက်ထုတ်တာ တွေကို ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေကလည်း အတုအယောင်ရွေးကောက်ပွဲကို အယုံအကြည်မရှိ သံသယဖြစ်ပွားနေပြီး အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဩစတြေးလျ၊ ကနေဒါ နဲ့ ဂျပန် တို့က အသိအမှတ်မပြုဘူးလို့ ကြေညာထားပြီး EU ကတော့ စောင့်ကြည့်ရေးအဖွဲ့ကိုတောင် မလွှတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
ပြည်သူလူထုကတော့ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနိုင်ရပါတီအစိုးရကို ဖြုတ်ချဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ခေတ်အဆက်ဆက်က အယုံအကြည်မရှိခဲ့သလို ယခုတကြိမ်အာဏာသိမ်းမှုမှာတော့ အဆုံးစွန်အထိ အယုံကြည်မဲ့ခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်လုပ်မဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတရပ်၊ အနှစ်သာရပြည်ဝတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မညီနိုင်ဘူးဆိုတာကို လူထုက တထစ်ချလက်ခံထားပြီး ဖြစ်ပါတယ်။
အတုအယောင်ရွေးကောက်ပွဲကို စစ်တပ်က ပြင်ဆင်လာချိန်မှာပဲ အဓမ္မဥပဒေတွေပြဌာန်းပြီး သေနတ်ထောက်ထားတဲ့ကြားက အဆင့်ဆင့်ဆန်ကျင်ခဲ့တာပါ။ မဲစာရင်းတွေကို မကြည့်တာ၊ မဲဆွယ်ပွဲတွေကို စိတ်မဝင်စားတာ၊ အတုအယောင်ရွေးကောက်ပွဲပါတီတွေကို သရော်လှောင်ပြောင်တာ၊ မဲဆွယ်ဆိုင်းဘုတ်တွေကို မီးရှို့တာ လူထုအချင်းချင်း သတင်းအချက်အလက်တွေ မျှဝေတာတွေ အပြင် အခုဒီဇင်ဘာလထဲမှာပဲ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲတွေကို အင်အားများများ နဲ့ ခပ်စိပ်စိပ်လုပ်ခဲ့ကြပါတယ်။
စစ်တပ်ဖိနှိပ်မှုအောက်မှာပဲ ဒီလိုဆန့်ကျင်မှုတွေကို လူထုက ဘဝနဲ့ရင်း အသက်နဲ့ရင်းပြီး လုပ်ခဲ့ကြရတာပါ။
ဒီဆန့်ကျင့်မှုတွေကို ကြောက်လန့်တဲ့ စစ်တပ်ကလည်း လူထုကို အကြောက်တရားနဲ့ နည်းမျိုးစုံ ဖိနှိပ်ရက်စက်ခဲ့ပါတယ်။ ဝေဖန်ရေးသားသူတွေကို ဖမ်းဆီးနှစ်ရှည်ထောင်ချတာ၊ စစ်ကြောင်းထိုးဗုံးကြဲတာ၊ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် ခြိမ်းခြောက်ပြီး မဲမပေးမနေရ ခြိမ်းခြောက်လာတဲ့ အဆင့်အထိ လုပ်ဆောင်ခဲ့ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ စစ်တပ်က အတုအယောင်ရွေးကောက်ပွဲအပိုင်း(၁) ကို ပြုလုပ်နေပါပြီ။ နံနက်ခင်းအချိန်ထိ ရရှိထားတဲ့သတင်းအချက်အလက်တွေအရတော့ မဲရုံတွေမှာ မဲလာပေးသူမရှိသလောက်နည်းပါး နေပါတယ်။ ဒေသတွင်းအုပ်ချုပ်ရေးမှူးတွေကလည်း မဲလာပေးကြဖို့ နည်းမျိုးစုံခြိမ်းခြောက် နေပါတယ်။
လူထုကလည်း မဲမပေးဘဲနေရင် ဖြစ်လာနိုင်မဲ့ နောက်ဆက်တွဲ ပြဿနာတွေကို စိုးထိတ်ကြပေမဲ့ တဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စိတ်အားထက်သန်နေဆဲပါ။
ပြည်မြို့ခံအမျိုးသမီးတဦး ကတော့ “ရပ်ကွက်ထဲမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက မဲပေးဖို့စာရွက်တွေကို အိမ်အထိလိုက်ဝေသလို မဲမပေးရင်လည်း နောက်ဆက်တွဲ ဖြစ်မှာကို ခြိမ်းခြောက်နေကြတယ်။ မဲကလည်းသွားမပေးချင်ဘူး။ မဲရုံပိတ်ခါနီးအထိတော့ အခြေအနေကြည့် တင်းခံထားမယ်” လို့ ဆိုပါတယ်။
ဒီနေရာမှာ ဒို့ပြည်သတင်းဌာနအနေနဲ့ စစ်တပ်ကပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် ပြည်သူလူထု က ဆန့်ကျင်နေကြတဲ့အပေါ် ရှု့မြင်သုံးသပ် တာကတော့ လူထုဟာ ဒီမိုကရေစီ၊ ရွေးကောက်ပွဲ ဆိုတဲ့ အဓိပ္ပါယ်အနှစ်သာရ တွေကို ဆန့်ကျင်နေတာမဟုတ်ဘူး ဒီလိုအနှစ်သာရတွေမပါဝင်တဲ့ အတုအယောင် ဒီမိုကရေစီ၊ အတုအယောင်ရွေးကောက်ပွဲ တွေနဲ့ အယောင်ဆောင်အတင်းအဓမ္မ ပြုလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်၊ အဖွဲ့အစည်း၊ ပါဝင်နေကြတဲ့ အတုအယောင်ပါတီတွေကို သာ ဆန့်ကျင်ကန့်ကွက်နေတာဖြစ်တယ် ဆိုတာပါပဲ။
ဒါကြောင့် ယနေ့ လူထုက တခဲနက် ဆန့်ကျင်ကန်ကွက်နေကြတဲ့ အကြီးမားဆုံးလိမ်လည်မှု ၂၀၂၅- အတုအယောင်ရွေးကောက်ပွဲကို ဒို့ပြည်သတင်းဌာနကလည်း လူထုနဲ့အတူ ရပ်တည်ရင်း ဆန့်ကျင်ကန့်ကွက်ကြောင်း ရေးသားထုတ်ပြန်လိုက်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#အယ်ဒီတာ့အာဘော် #ပြည်သူလူထု #အတုအယောင်ရွေးကောက်ပွဲ #စစ်တပ် #၂၀၂၅