(သရော်စာ)
ဇန်နဝါရီ ၄၊ ၂၀၂၆။
ဇေယျတု တို့ နိူင်ဂံဒေါ်ကြီးကတော့ဖြင့် ထူးမခြားနား ဝူးထွားထွား နဂံရေးဖြစ်စဥ်ကြီးနဲ့အတူ ၂၀၂၆ ကိုရောက်တော်မူခဲ့ချေပြီတကား။
အာဏာအရူးတသိုက်ရဲ့ ဗလချာအရူးအမိုက် ရွေးကောက်ပွဲဆိုသဟာကြီးကလည်း ပထမပိုင်းပြီးသွားပြီဆိုသကိုး။
၅၂ ရာခိုင်နူံးကြီးများတောင် မဲပေးခဲ့ကြသတဲ့။ ခြောက်မဲ၊ ကြောက်မဲ၊ ဂေါက်မဲတွေအပြင် အသင့်စားမဲတွေကလည်း ကြိုတင်မဲအမည်နဲ့ ပါဝင်ပတ်သက်ခဲ့သပေါ့လေ။
နဂိုကတည်းက အာဏာရူးကြီးကို အာဏာကြောင် အာဏာရောင်တစ်သိုက်က ဆေးထိုးကြမ်းပြီး အာဏာသိမ်းခိုင်းလိုက်ကြတာ၊ အာဏာရူးကြီးက အရားပူး အရူးပါးအကွက်တွေနဲ့ အာဏာထိန်းတာပါဘာညာအာပလာနဲ့ အာဏာသိမ်းချလိုက်တာ ၄ နှစ်ကျော်၅နှစ်။
ဟော နောက်ဆုံးကျ မီအမ်မာစစ်အာဏာရှင်အဆက်ဆက်ရဲ့လုပ်နည်းလုပ်ကွက်တွေအတိုင်း၊ ရွေးကောက်ပွဲဆိုတာကြီးနဲ့ အရှင်ထွက်ထွက်ဖို့ရာ အချဥ်ကောင်တွေရှာတော့တာကိုးဗျ။ အချဥ်ကောင်တွေကလည်း ဝေးဝေးရှာစရာမလိုပေါင်။ နဂိုကတည်းက အာဏာရူးကြီးအနား ဝဲလည်လည် အမြဲပဲတဝဲလည်လည်။
ဆိုတော့ မီအမ်မာလူထုက စစ်အာဏာရှင်သောက်ချိုးကို ရိုးဟိုးဟိုးနေပြီးသားဆိုတော့ကာ ရွေးကောက်ပွဲဆိုသဟာကို မယုံပေါင်ပလုံထောင်။ မဲမပေးခင်ကတည်းက မအလအုပ်စုရဲ့ရုပ်စုရုပ်စုအနေအထားကိုမြင်ပြီးသား။ ခပ်ချာချာမီအမ်မာ ပေါရုပ်ရှင်တွေကြည့်ပါများတော့ ဇာတ်သိမ်းကိုကြိုသိနေကြတာပေါ့လေ။
မဲစရင်းကျတော့လည်း လွန်ခဲ့တဲ့ ၄နှစ်လောက်က သေပြီးသားတွေကပြူးပြူးပြဲပြဲ၊ လက်ရှိနေထိုင်သွားလာနေသူတွေကျ ထူးထူးကဲကဲမပါဝင်ကြဘူးရယ်။အောင်မယ် မဲစရင်းမပါသူတွေ ပြန်ပြီးလျှောက်ထားနိူင်ပါတယ် ဆိုတာလာသေး။
ဆိုပါတော့ သို့ကလိုအနို့ကလိုစစ်တပ်က လုပ်ပေးတဲ့ရွေးကောက်ပွဲမို့နာမည်ပျက်မခံဘူးဆိုတဲ့ “ငါပေး ငါရ”ရာထူးများဘွဲ့တံဆိပ်များပိုင်ရှင် မအလကြီးရေ၊ အခု ပီ ၃လုံးတွေ၊ ပီ၂လုံးတွေ၊ ကျားဖြူတွေ၊ တောင်သူတွေက တိုင်စာတွေပို့ထားကြဆိုပါလားဟေ့။
ဘာတဲ့ ကြိုတင်မဲ မှန်သမျှက ကြံ့ဖွတ်တွေချည်းဖြစ်နေလို့ဆိုပါလား။
အနှီတိုင်စာပါတီတွေကို “အစက အသိသား — ပြုလို့ပြိုင်တာလား”လို့ မအလကြီးက ခေါင်းမော့ ခါးကော့ပြီး သီချင်းဆိုပြလိုက်မယ် ထင်တယ်။
ကေကျု ဆိုလားဘာလားတစ်ယောက်ကတော့ နိုးဗုတ်သမားတွေကြောင့်သူရို့ပါတီရှုံးရတာဖြစ်တယ်တွေနဲ့ လူထုဘက်လာဟောင်နေသေး။ ဒီအတိုင်းဆို ပါတီစုံစနစ်လက်မခံတဲ့သဘောလားဘာလားနဲ့ လာချည်သေး။ NLD မဲအပြတ်နိူင်တုန်းကလည်း ဒီလေသံထွက်ဖူးတယ်ထင်။ ခက်ပ။ NLD မပါဘဲရွေးကောက်ပွဲလုပ်တော့ “ညစ်တာမဲ”နဲ့ရှုံးရတယ်။ NLD ပါတော့”မေတ္တာမဲ”နဲ့ရှုံးရတာပဲ။
အဲဒီတော့ ငါပေးငါရ ဘွဲ့ထူးပိုင်သ မအလ ကို အာဏာသိမ်းဖို့ ဆေးထိုးကြမ်းခဲ့ကြတာ၊ အခုမှ ခွေးကျိုးပန်းတာခံရတာမွှေးကြရဲ့မဟုတ်လား ဟားဟား။
ရွေးကောက်ပွဲတောင် ၁ယုတ်သဘောကျ လုပ်ပေးရတဲ့ မအလများကအခုကျရောက်လာမယ့် ၇၈ နှစ်မြောက်လွပ်လပ်ရေးနေ့အတွက်ဆိုလားဘာလားပဲ မီအမ်မာအလံတွေအိမ်ပေါက်စေ့လွှင့်ရမယ်ဘာညာလုပ်ကြပြန်ပြီ။ အလံကိုကျတော့အလကားဝေတယ်ထင်လား။ ဝယ်ရပါသဗျာ။ ခပ်ညံ့ညံ့ဆန်တပြည် ၂၅၀၀၊ ၃၀၀၀ဖြစ်နေတာ ထမင်းတနပ်လျှော့စားပြီး အလံထောင်ရမယ့်သဘော။ အံမယ် မလွှင့်ရင် ၈ သောင်းဒါဏ်ကြေးဆိုတာပါသေးသကိုး။
တော်သေးတယ် ၁ယုတ်အလံပါတွဲမထောင်ခိုင်းသေးတာ ဝမ်းသာရမလိုလို။
နို့မို့ ၁ယုတ်ပီသုသမဒ မီအမ်မာနဂံတော် အလံအား အလီးပု အော်နေရမှာ။
ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews