(ရသစာတမ်း)
ဇန်နဝါရီ ၅၊ ၂၀၂၅။
ကျွန်တော့်ရှေ့မှာတင် သရက်ဖူးကလေးများ ကြွေသူကြွေလို့၊ ဝေသူဝေလို့။ သတိမထားလိုက်ခင်မှာပင် သရက်ဖူးအချို့ကြီးရင့်သွားသလို၊ သရက်ဖူးနုလေးများလည်း လွမ်းဆွတ်ဖွယ်ရာကောင်းလောက်အောင်ပင် ဖူးသစ်လို့လာကြပြန်ချေသည်။
ကျွန်တော်နေသောမြို့တွင် သရက်ပင်တန်းများမရှိသော်လည်း ရပ်ကွက်ကျို၊ ရပ်ကွက်ကြား အိမ်ကလေးအချို့ တွင် သရက်ပင်များ ကျိုးတိုးကျဲတဲပေါက်ရောက်ခဲ့ပါသည်။ အမျိုးအစားမတူလှသော သရက်များစွာအနက် ရင်ကွဲ၊ နှင့် မချစ်စု၊ နောက်တော့ ချဉ်စပ်စပ်သရက်သီးများလည်း များစွာ ပေါက်ရောက်နေခဲ့သည်။ တန်ဖိုးရှိလှသည့် စိမ်းစားသီး၊ မြကျောက်၊ စိန်တစ်လုံး၊ တို့သည်ကပေါက်ရောက်မှုနည်းပြီး အခြားလူကြိုက်များလှသည့် သရက်ပင်များလည်းအနည်းငယ်ပေါက်ရောက်သည်။
မည်သို့ပင်ဆိုစေကာမူ သရက်ပင်အားလုံး ဖူးပွင့်ချိန်တွင်တော့ အသွေးအရောင် အရသာမခွဲခြားပဲ တစ်ပင်လုံး အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်ဖြင့် မွေးအီနေအောင်ညွှတ်ဆင်းနေပုံက ကြည့်မဝနိုင်ပေ။
တောရွာများတွင်တော့ ဆိုဖွယ်ရာမရှိချေ။ တောရွာများတွင် သရက်ပင်ပေါက်ရောက်စိုက်ပျိုးထားပုံက တစ်မျိုး၊ တစ်ဘာသာဆန်းတော့သည်။ ရွာခြံစည်းရိုး၊ ရွာဇရပ်၊ ရွာအဝင်လမ်းများတွင် အတန်းလိုက်ပေါက်ရောက်နေသည်မျိုးပင်၊ တစ်ပင်တည်းပေါက်ရောက်နေပြန်ရင်လည်း လယ်စပ်စပ်ယာစပ်စပ်မှာ ပင်စည်ကြီးကြီး၊ အပင်အုပ်အုပ်ကြီးများဖြစ်သည်။ သရက်ဖူးကလေးများက ကဗျာမဆန်သလို၊ တန်ဖိုးလည်းမရှိကြ၍လားမသိ လူအများစုကသရက်ဖူးချိန်လေးကိုမေ့လျော့ပြီး သရက်ဖူးလေးများကိုမော့ကြည့်ဖို့ အချိန်မပေးတတ်ချေ၊ မြန်မာ့အစားအစာတွင်လည်း သရက်ဖူးများက တစ်ချို့တစ်လေအတို့အဖြစ်အသုံးပြုရုံကလွဲပြီး သရက်သီးကင်းကလေးများလောက်တောင် လူကြိုက်မရှိိခဲ့ချေ။
ကျွန်တော်ကတော့ အရာရာလွမ်းဆွတ်တမ်းတ၊ ချစ်ခင်မြတ်နိုးနေ၍လားမသိ သရက်ဖူးကလေးများကိုလည်း ချစ်ပြန်ပါသည်။ ထိုအတွက်ပိုတတ်ရန်ကောလို့ ဆိုလာပါက ပြောကြပါဟုသာ ပြုံး၍ ကြည့်နေပါမည်။ အကြောင်းကတော့ အညတရများကိုချစ်ခင်မြတ်နိုးရသည်မှာ လူတိုင်းလုပ်နိုင်ခဲသည့်အရာများ မဟုတ်လား။ လူတိုင်းတွေ့ကြုံခဲသည့်အဖြစ်အပျက်ကလေးများလည်း ကျွန်တော်ထံတွင် ရှိနေခဲ့ပါသေးသည်။ ထူးထူးခြားခြားကိစ္စရပ်တော့လည်းမဟုတ်ပါ။ အညတရဖြစ်စဉ်များသာဖြစ်ပါသည်။
ဧရာဝတီမြစ်ကြီးနှင့်ကျွန်တော့်တို့မောင်နှမများက နှစ်ရှည်လများထိတွေ့ခင်မင်ခဲ့ဖူးသည်။ ကျွန်တော်တို့နေထိုင်သည့် ပြည်မြို့လေးမှာ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ထဲတွင်ပါဝင်ကာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဖူးတွင်မေးတင်ထားသည့်မြို့ကလေးပင်။ ထိုစဉ်ကကျွန်တော့်တို့မြို့ကလေးနှင့် အနောက်ဘက်ကမ်းဖြစ်သည့် ပန်းတောင်းမြို့နှင့် နဝဒေးတံတားကြီးမထိုးရသေးပေ။ မြစ်အတွင်းကသာ ဇာတ်သင်္ဘော၊ မော်တော်၊ စက်လှေများဖြင့်သာသွားလာကြရသည်။ အကြောင်းအမျိုးမျိုးဖြင့် အနောက်ဘက်ကမ်းရှိမြို့များသို့ သွားလိုပါက ရေလမ်းခရီးဖြင့်သာသွားခဲ့ ကြရသည်။
ကျွန်တော့်အဖေဇာတိရွာကလေးက မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ဂေါ်ပင်တောင်ရွာကလေးပင်ဖြစ်သည်။ ကံမမြို့ကလေးကလည်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းနဖူးကို မေးတင်ထားသည့်မြို့ကလေးပင်။ မြို့ကလေး၏ အစွန်အဖျားတွင်တော့ ဂေါ်ပင်တောင်ရွာကလေးရှိသည်။ ထိုရွာကလေးကိုအကြိမ်ပေါင်းမနည်း ကျွန်တော်ရောက်ခဲ့ဖူးသည်။ အရွယ်အမျိုးမျိုးတွင် ရောက်ခဲ့ပြီး ရွာသွားလမ်းကလေးများသာ ပြောင်းလဲ သွားပြီး ရွာကလေးကတော့ မပြောင်းမလဲ ထိုအတိုင်းပင်။
ငယ်စဉ်ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း ရွာသွားဖို့စိတ်စောနေခဲ့ဖူးသည်။ ကလေးဘဝ၏ ထူးဆန်းဖွယ်ရာ စိတ်ခံစားမှုများကိုရွာကလေးက ပေးခဲ့သည်။ မြစ်ပြင်ကျယ်ကြီးထဲတွင် မော်တော်စီးရသည့် ခံစားမှု၊ ကံမမြို့ကလေးကိုမြစ်အတွင်းကမြင်ရသည့်ခံစားမှု၊ ရွာကလေးတွင်နေထိုင်ရသည့်အရသာပေါင်းစုံက မည်သည့်အရာနှင့်မျှမတူကြပါချေ။
ရွာကလေးဆီသို့ ကျွန်တော်လူမှန်မသိတတ်ခင်ကပင် အဖေနှင့်အမေတို့အကြိမ်ပေါင်းမရည်မတွက် နိုင်အောင်သွားခဲ့ကြသည်ဆိုသည်။ တစ်ခါတစ်ရံတွင် ငှက်ပျော်သီး၊ တစ်ခါတစ်ရံတွေင် မြို့ပေါ်မှ ငါးခြောက်၊ ပုစွန်ခြောက်များကို သယ်ဆောင်ကာ ရွာတွေကိုလှည်းဖြင့်လိုက်ရောင်းကြသည်လို့ သတိရတိုင်းအမေက ပြန်ပြောပြသည်။ ထိုအချိန်ကကျွန်တော်ကလေးသာဖြစ်သည်။ နောက်ပိုင်းမူလတန်းကျောင်းသားဘဝ တွင် ကျွန်တော်တို့ထပ်ရောက်ကြသေးသည်။ အမှတ်ရနေသည့်ဖြစ်ရပ်များတွင် သရက်ဖူးကလေးများနှင့်အတူ ဖြစ်ရပ်များစွာရှိနေသည်။
တစ်ခါသား ကျွန်တော်တို့မောင်နှမသုံးယောက်နှင့်အမေ တို့ရွာကလေးကိုပြန်ကြချိန် အမေကုန်းပေါ်ပြန်တက်သွားချိန် ပြည်ဆိပ်ကမ်းမှ မော်တော်မှာထွက်ခွာသွားခဲ့ရာ လူမမယ်ကလေးသုံးယောက်ပါသွားသော မော်တော်နောက် ကုန်းလမ်းခရီးကနေ ဧရာဝတီအရှေ့ဘက်ကမ်း တလျှောက် မေးမြန်းစုံစမ်းရင်းအမေ အပြေးလိုက်ခဲ့ရဖူးသည်။ နောက်မှ ကံမမြို့၏တဖက်ကမ်းကံမလေးသို့ရောက်မှ လှေဖြင့်ကူးခဲ့သည်။ မိခင်တစ်ဦး၏သောကကို နောက်မှကျွန်တော်သိခဲ့သည်။ ထိုအချိန်ကတော့ကျွန်တော်တို့ကလေးများနားမလည် အတွေ့အကြုံအသစ်ဖြင့် ပျော်လို့ပင်နေသေးသည်။
နောက်တစ်ခေါက်တွင်လည်း ကျွန်တော်တို့လိုက်ပါလာသော မော်တော်မှာ လှေဝမ်းပေါက်သဖြင့် ၀ိုင်းဝန်းခပ်ထုတ်ရင်း အဝတ်စများစို့ကာ ကမ်းသို့အမြန်ကပ်ခဲ့ရသေးသည်။ ထို့အရာများမှာရွာသို့သွားခဲ့ရသည့် ဧရာဝတီခရီးစဉ်များပင်။ နောက်တစ်ခုကတော့ အဖေနှင့်အမေရန်ဖြစ်စိတ်ဆိုးကာ ကွဲကြကွာကြတုန်းကဖြစ်သည်။ ကျွန်တော်တို့မှာ အဝတ်အစားသေတ္တာဒန်အိုးဒန်ခွက်များဖြင့် ပြည်ဆိပ်ကမ်းတွင် စောင့်ခဲ့ရသည်။ ထိုစဉ်က အဖေကဇာတိရွာကလေးတွင် အခြေချတော့မည်ဟု ဆုံးဖြတ်ခဲ့ဟန်တူသည်။ နောက်တော့ကျွန်တော့်မသွားဖြစ်ခဲ့ပဲ ပြည်သို့သာပြန်လာခဲ့ကြသည်။
တစ်ခါတစ်ရံရွာပြန်လာတတ်သည့်အခေါက်များက နွေမဟုတ်သော်လည်း ဒီဇင်ဘာကျောင်းပိတ်ရက်လိုမျိုး ရက်ရှည်ပိတ်ရက်များတွင်လည်းပြန်တတ်ကြသည်။ ထိုအချိန်များတွင် သရက်ဖူးချိန်များနှင့်ဆုံရသည်။ ဟိုတုန်းက ကံမမြို့လေးအိမ်များတွင် သရက်ပင်များအိမ်တိုင်းလိုလိုတွေ့ရသည်။ မြို့လယ်လမ်းမှမသွားပဲ ချောင်းတစ်လျှောက် ကမ်းနားလမ်းအတိုင်းလျှောက်သွားပါက သရက်ပင်တန်းအတိုင်းဖြတ်သန်းရသည်။ မော်တော်ပေါ်ကအဆင်း ကံမမြို့ပေါ်က တရုတ်ကြီးဆိုင်တွင် သတင်းစာစက္ကုဖြင့်ထုပ်ပိုးထားသည့် ခေါက်ဆွဲကျော်ကို အဖေကဝယ်သွားတတ်သည်။
ရွာအဝင်တွင်တော့ ဂူကိုးပေါက်ဘုရားနှင့် တစ်ချိန်က အဘိုးတို့သြဇာခြံကြီးရှိသည်။ ထိုနားတွင်ရေတွင်းလေးနှစ်တွင်း တစ်ရွာလုံး ချောင်းရေနှင့် ရေတွင်းနှစ်တွင်းက ရေကိုသာခပ်ယူသုံးစွဲကြသည်။ ရွာထိပ်က္ကိုလ်ပင်ကြီးကတော့ ဇရပ်နှစ်ဆောင်ဖြင့် ကြီးမားအုပ်ဆိုင်းနေတတ်သည်။ ထိုဇရပ်လေးတွင် စိမ်းပုတ်ရောင်ဖန်ခွက်ရှည်ရှည် ကြွေဇွန်းကြီးများ တပ်ထားသည့် ရေခဲမုန်လက်ဆောင်းသယ် အဘွားကြီးကိုကျွန်တော်အကြိုက်ဆုံးပင်၊ သကြားရှားပါးချိန်ဖြစ်၍ ထန်းလျက်များဖြင့်သာကြိုချက်ရောင်းခဲ့သည်။
ရွာထဲတွင်လည်း သရက်ပင်များစွာရှိသည်။ အဖေ့အမေ အဘွားနေထိုင်ခဲ့ရာရွာထိပ်ခြံထဲတွင်ပင် သရက်ပင်များရှိသည် အမျိုးအစားကတော့ မကောင်းပေ။ ပြွတ်နေအောင်သီးသည်။ သီးကင်းလေးများကြွေ ကျချိန်ဆို မိီးဖိုလေးမှာမီးလှုံရင်း ကောက်ကြသည်။ စားသည်ကတော့ရှားသည် ဆော့ပစ်သည်ကများသည်။ ထိုစဉ်ကတောအရပ်ဖုန်အနံ့နှင့်သရက်ကင်းလေးများ ကိုအခုချိန်ထိကျွန်တော်စွဲလန်းနေသေးသည်။ သရက်ဖူးချိန်ရောက်လာပါက ကျွန်တော့်အင်္ကျီမှာပင် မီးသင်းနံ့လိုလို ဖုန်နံလိုလိုရသေးသည်။
ကံမမြို့ကလေးတွင် ပျော်ရွင်ကြည်နူးစရာများရှိခဲ့သလို ဝမ်းနည်းဖွယ်ရာများလည်းရှိခဲ့သည်။ ကံမဆိပ်ကမ်းအကျော်မြစ်အတွင်း သူငယ်ချင်းဖြစ်သူနှင့်လိုက်သွားခဲ့သည့်ကျွန်တော့်အစ်ကို ရေနစ်ဆုံးပါးခဲ့ရသည်။ သတင်းရပြီးနောက်ရက်တွင် အမေသည်အရူးမီးဝိုင်းသလိုဖြစ်ကာ မြစ်ကျောက်ဆောင်ပေါ်တွင် နာရီအတော်ကြာငိုကြွေးထိုင်နေခဲ့ဖူးသည်။ ထိုအချိန်သည်လည်း သရက်ဖူးချိန်လို့သာ ကျွန်တော်ထင်သည်။
အခုတော့ အဘွားလည်းမရှိတော့၊ အဖေလည်းဆုံးပါးခဲ့ပြီ၊ အစ်ကိုလည်း မရှိတော့ အမေကတော့ သား၊ သမီးနှစ်ယောက်မိသားစုများနှင့် ပြည်မြို့ကလေးမှာကျန်နေသေးသည်။ အဖြစ်အပျက်များပြောင်းလဲမှုမြန်ဆန် သလို၊ နိမ့်တခါမြင့်တလှည့်ဆိုခဲ့သော်လည်း အမေကတော့ အမြင့်တွင်အခုချိန်ထိရှိမနေသေးချေ။ ရုန်းကန်နေရဆဲပင်။ သားသမီးများအလှည့်ပြီးသွားတော့ မြေးဖြင့်ဆက်လက် သွားနေဆဲသာ။
အဖေမရှိသည့်နောက် ရွာကလေးကိုအရောက်အပေါက်နည်းခဲ့ပြီး ပြီးခဲ့သည့်ရက်ကတော့ ရွာတွင်ကျန်ရစ်သည့် အဖေညီသမီးမင်္ဂလာဆောင်ဖိတ်ကြားချက်အရ အမေသည်ရွာကလေးသို့ထွက်ခွာသွားခဲ့ပြန်သည်။ သရက်ဖူးချိန်မှာပဲဖြစ်သည်။ အရင်လိုရေလမ်းခရီးမဟုတ်တော့ နဝဒေးတံတားကိုဖြတ်ကာ ရွာအရောက် ကားဖြင့် သက်တောင့်သက်သာသွားနိုင်ခဲ့သည်။ အဖေမရှိတော့သောရွာကလေးသို့ အမေဘယ်သို့ ရောက်အောင်သွားခဲ့သနည်း၊ အစ်ကိုအကြောင်းကိုများတွေးနေမလား ကျွန်တော်သိချင်သည်။
သရက်ဖူးကလေးများကျွန်တော့ရှေ့တွင်ပင် ကြွေကြနေကြသည်။ တစ်ချို့သီးကင်းလိုက်နေသည့် အဖူးလေးများလည်းရှိနေသည်။ မြွေပြင်ကြွေကြသွားသော အညတရသီးကင်းများ ဖူးပွင့်များကို ကျွန်တော့် တန်ဖိုးမဲ့စွာနင်းချေလို့သွားကြသည်။ တန်ဖိုးရှိလှသောသရက်သီးများဖြစ်လာမည့် အဖူးအကင်းများကိုတော့ တယုတယထားရှိခဲ့ကြသည်မဟုတ်လား လူ့ဘဝတွင်လည်းတန်ဖိုးရှိသူသာ တင့်တယ်ယုယမှုပြုကြမည် ဖြစ်ပြီး အညတရများကိုတော့ ကျော်လွှားသွားတတ်ကြ နင်းချေသွားတတ်ကြသည်မဟုတ်လား။
ကျွန်တော်တို့တန်ဖိုးရှိအောင်ကြိုးစားကြရင်း ကြွေကြခဲ့ရသည့်သူများလည်း ရှိခဲ့ကြလိမ့်မည်။ တစ်ချို့သောတန်ဖိုးများသည်က ငွေကြေးဥစ္စာဆုတံဆိပ်၊ ဂုဏ်ပက္ခာများထက် အပြန်အလှန်ချစ်ခြင်းမေတ္တာဖြင့် ပျော်ရွင်ချမ်းမြေ့ဖွယ်ရာ မိသားစုဘဝများက ပိုလို့ကောင်းမွန်လှသည့် အဖိုးမဖြတ်နိုင်စရာတန်ဖိုးများလို့ ကျွန်တော်ကထင်သည်။ ရိုးသားစွာဘဝကိုဖြတ်သန်းခြင်းလောက်တန်ဖိုးရှိသည်မထင်ပေ။ ပျော်ရွင်ခြင်းအချိန်များက နှစ်ခါပြန်မရသလို ပြန်လည်တည်ဆောက်ယူဖို့ လည်းခက်ခဲသည့်အရာမဟုတ်လား။
အချိန်ရခဲ့ပါကရွာကလေးကိုကျွန်တော်ပြန်သွားပေအုံးမည်။ သရက်ဖူးချိန်နှင့်ကြုံချင်မှကြုံပါလိမ့်မည်။ သေချာသည်ကတော့ အရင်လိုသရက်ဖူးချိန်အတွေ့အကြုံမျိုးကိုကျွန်တော်ရနိုင်တော့မည်မထင်။ သို့သော်ကျွန်ရွာကလေးကိုသွားမည်။ လွမ်းဆွတ်ဖွယ်ကောင်းလှသည့်သရက်ဖူးချိန်မျိုးကို ပိုလို့ရွေးသွားပေမည်။
ရေးသားသူ-ဝေလင်း
#ဒို့ပြည်
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ရသစာတမ်း #စာပေ #အနုပညာ #အက်ဆေး #သရက်ဖူး #ပြည် #ကံမ #မကွေးတိုင်း #ပဲခူးတိုင်း