ဇန်နဝါရီ ၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ပေါ်မှာ စစ်မှုထမ်း အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုပိုကြမ်းလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ နေအိမ်တွေပေါ်အထိ ပျူစောထီး၊ စစ်သား၊ ရဲ အင်အား ၁၅ ဦးခန့်နဲ့ အဖွဲ့ခွဲပြီး လိုက်လံဖမ်းဆီး ပေါ်တာဆွဲနေတာလို့ မြို့ခံကပြောပါတယ်။
“ဥသျှစ်ပင် ဒီနေ့ အိမ်ထဲအထိပေါ်တာဝင်ဆွဲတာ ကြမ်းဆိုပါလား ဆွဲတာတော့နေ့တိုင်းဆွဲနေတာ ဒီနေ့ပိုကြမ်းတာတဲ့။” လို့ ဒေသတတွင်းသတင်းရင်းမြစ်က ဒို့ပြည် ကို ပြောပါတယ်။
စစ်မှုထမ်းအကြုံးဝင်အသက်အရွယ်ဖြစ်တဲ့ ၁၈ နှစ် မှ ၃၅ နှစ်အရွယ် အမျိုးသားတွေရှိတဲ့နေအိမ်တွေကို သတင်းပေးသူကိုလည်း ၅ သိန်းဆုချပြီး ဖမ်းဆီးပြီး မလိုက်လိုသူတွေက လာရောက်ရွေးယူပါက ခွဲဝေယူကြတယ်လို့ ဆိုပါတယ်။
“လာရွေးရင်း သိန်း ၈၀၊ သိန်း ၁၀၀ ပျူ၊ ရဲ၊ ဒကစ ပေါင်းလုပ်တာ။ မြို့နယ်ထွေအုပ်က စီမံခန့်ခွဲတယ်လို့ သိရတယ်။ အခုလုပ်နေကြတာက မြို့ခံတွေမဟုတ်ဘူး။ ဧည့်သည်ဝန်ထမ်းတွေ မညှာဘူး” လို့ မြို့ခံပြောပါတယ်။
ဥသျှစ်ပင်မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စစ်မှုထမ်းတပ်သားစုဆောင်းခံရမှု များပြားနေပြီး လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ရိုးမတောင်ခြေမြို့လည်းဖြစ်သလို စစ်တပ်လက်အောက်ခံ ခမရ၊ ကပစ နဲ့ အခြား တပ်ရင်းတပ်ခွဲတွေ ပတ်လည် အခြစိုက်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် တပ်ထောက်ခံသူ၊ သတင်းပေး၊ ပြည်သူ့စစ်နဲ့ သစ်မှောင်ခို မူးယစ်ဆေး ဖြတ်သန်းသယ်ယူ သိုလှောင်ရာနေရာ တခုလည်း ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews