ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ရှားစေးဘိုရွာ နဲ့ ဖောင်ချောင်းရွာတွေမှာ စစ်မှုထမ်းဖမ်းဆီးပေါ်တာဆွဲရာ လူမမည်ကလေးအဖေ (၂) ဦးပါသွားခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။
ဖောင်ချောင်းရွာသား အသက် ၂၉ နှစ်အရွယ် ကိုကျော်သက် နဲ့ ရှားစေးဘိုရွာသား ကိုနိုင်မိုးအောင် တို့ ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပျူစောထီးတွေကဖမ်းဆီးကာ ရဲလက်ကိုလွှဲအပ်ပြီးနောက် စစ်မှုထမ်းပါသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရပြီး ညတွင်းချင်း ပြည်မြို့ကို ပို့ဆောင်ခံရကာ နောက်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ရပ်စောက်၊ ဗထူးသင်တန်းကျောင်းကို ရောက်ရှိပြီးနောက် မိသားစုနဲ့အဆက်သွယ်ပြတ်တောက်ခဲ့ကာ ကျန်ရစ်တဲ့ မိသားစု (၁) နှစ်ကျော်အရွယ်သားကလေး နဲ့ အမေ၊ အဘွားဖြစ်သူတို့ ဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ကလေးတယောက်နဲ့ ဒုက္ခပင်လယ်ဝေနေတာပေါ့။ ကလေးကလည်းအစထဲက မိခင်ကို မခင်တွယ်ဘူး နို့တိုက်ချိန်ဘဲမိခင်ခင်နဲ့နေတာပါ။ ဖခင် အိပ်တဲ့အိပ်ယာ ခေါင်းအုံး ဖခင်မတွေ့တော့ ကလေးကအော်ငိုနေတာပါ။ ကလေးရဲ့အဖြစ်ပျက်ကိုကြည့်ပြီး သူရဲ့အမျိုးသမီး ပြီးတော့ ကျောက်သက်ရဲ့ အမေက ယူကျုံးမရဖြစ်နေတယ်” လို့ မိသားစုနဲ့ နီးစပ်သူအမျိုးသမီးတဦး က ဒို့ပြည် ကိုပြောပါတယ်။
ကိုကျော်သက်မိသားစုဟာ လက်ရှိမှာတော့ နတ်တလင်းက စစ်ရှောင်တွေနဲ့အတူ စစ်ရှောင်နေကြရပြီး မိခင်ဖြစ်သူဟာ စစ်မှုထမ်းဖမ်းဆီးခံရတဲ့ သားဖြစ်သူ စိတ်နဲ့ မကြာခဏ နာမကျန်းဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်မူထမ်းဖို့ ဖမ်းခံရတဲ့ကောင်လေးစကားဆို သူ့အမေက သိပ်နားထောင်တာ။ အရင်က နေမကောင်းဖြစ်ရင် ဆေးမထိုး ဆေးမသောက်လုပ်ရင် ကျော်သက်က ဖုန်းဆက်ပြီး မေမေဆေးထိုးဆေးသောက်လို့ပြောမှ ဆေးထိုးဆေးသောက်လုပ်တာ။အခုတော့ ကျော်သက်ဖမ်းခေါ်သွားတဲ့နေ့တွေက သူ့အမေ ဆေးပုလင်းတွေခဏခဏချိတ်ရတာ သူ့သားပြန်လာရင် ဆူခံရမယ်ဆိုပြီး ချော့ဆေးထိုးဆေးသောက်လုပ်ခိုင်းရတာ” လို့ ဒေသခံတဦးက ဒို့ပြည် ကို ပြောပါတယ်။
ကိုကျော်သက်ဟာ ၂၀၂၄ ခုနှစ် ကလေးမွေးဖွားပြီးကာစ အချိန်ကလည်း စစ်မှုထမ်းတခါဖမ်းဆီးခံရတဲ့အတွက် ငွေ ၄ သိန်းနဲ့ ပြန်ရွေးထားရတာလို့ ဆက်ပြောပါတယ်။
အလားတူ ရှားစေးဘိုရွာက ကိုနိုင်မိုးအောင် ဟာလည်း သားကလေး(၁) ဦးရှိပြီး ဖခင်ဖမ်းဆီးခံရပြီးနောက် အခက်ခဲဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
ကိုကျော်သက်နဲ့ ကိုနိုင်မိုးအောင်တို့ အပါ (၅) ဦးဟာ ကွင်းသာရွာမှာ စပါးအငှားနဲ့ရိုးပြတ်ရိတ်အလုပ်က အပြန်ငွေရှင်းဖို့ အလာ ပျူစောထီးတွေက လမ်းမှာဖြတ်တားပြီး ရှားစေးဖိုရွာသားပါမပါမေးမြန်းကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“စီးပွားရေးကအဆင်မပြေဘူးလေ အဲဒါကြောင့် ဒီလောက်အန္တရာယ်များတဲ့ ကြားထဲမှာ ကွင်းသာရွာကို စပါးရိုးပြတ်ရမ်းရတာပါ။ ပိုက်ဆံရှင်းတဲ့အချိန်မှာပဲ ပျူစောထီးတွေက ဖမ်းတာပါ။ လမ်းတဝက်လောက်ရောက်မှာ ရဲတွေလာခေါ်သွားတယ်လို့ ကြားရတယ်” လို့ ဒေသခံက ပြောပါတယ်။
အဲဒီလိုဖမ်းဆီးနိုင်ဖို့အတွက် ဒလန်ကျော်သူ က သတင်းပေးတိုင်တန်းခဲ့တာလို့ ဆိုပြီး ကျော်သူ ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးကာ သတိပေးပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းဖမ်းဆီးခံရသူတွေထဲမှာ ကလေးဖခင်တွေနဲ့ မိအို၊ ဖအိုတွေကို လုပ်ကျွေးနေရသူ အိမ်ထောင့်စားဝတ်နေရေးကို အဓိက ရှာဖွေနေရသူ များစွာ ပါဝင်နေကြပြီး ကျန်ရစ်သူတွေမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာ အမျိုးမျိုး ကိုခံစားဖြတ်ကျော်နေရတယ်လို့ ဒို့ပြည် က စုံစမ်းရမိတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- tiktok.com/@dohpyaynews
#စစ်မှုထမ်း #ပေါ်တာဆွဲ #နတ်တလင်း #ပဲခူးတိုင်း #လူသားချင်းစာနာမှု #အမျိုးသမီးအရေး #ကလေးသူငယ်အခွင့်အရေး #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား