(ရသစာတမ်း)
ဇန်နဝါရီ ၁၁၊ ၂၀၂၆။
တဆောင်းနှောင်း၍ တနွေစသော် တမာတို့နုချိန်ကိုရောက်ရှိခဲ့သည်။ တမာနုချိန်ရောက်တိုင်း ဆရာမြသန်းတင့်၏ တမာနုချိန်စစ်တမ်း ကိုသတိရမိသည်။ တကယ်တော့တမာနုချိန်တွင် အညာမြေဆီက အရှက်နှင့်အသက်လဲခဲ့ရသည့် မိန်းမပျိုလေးကို ဆရာမြနည်းတူ ကျွန်တော်စိတ်ကူးဖြင့်ပုံဖော်ကြည့် နေမိခြင်းရယ်သာ။
အရာရှိတစ်ဦး၏အိမ်တွင်အိမ်ဖော်လုပ်ရင်း ခြေတော်တင်ခံရကာ ကိုယ်ဝန်ရှိလာချိန်မှ နှင်ချခံရ၍ ရှက်ကာ အိမ်မပြန်ပဲတမာပင်ပေါ်တွင်ကြိုးဆွဲချသေဆုံးသွားခဲ့သည်။ အရှက်နှင့်အသက်ကိုလဲခဲ့သည်။ သေသွားလျှင်ပင် ရှက်ရမည်ဆိုး၍ ခါးကလုံချည်ကိုကျွတ်မကျအောင်ကြိုးဖြင့်ချည်သွားသေးသည်။ ဆရာမြရေးပြသည့် ဇာတ်ကောင်ကိုကျွန်တော်မျက်လုံးထဲတွင် တရေးရေးနှင့်မြင်လာရသည်။ ယနေ့ထိတိုင် ထိုသို့သော ဇာတ်ကောင်များ ရှိနေပါသေးသည်။
ဆရာမြကတော့ တမာနုချိန်ကသူ့၏နွေလွမ်းဝေဒနာရဲ့ လက္ခဏာချက်၊ အိမ်လွမ်းဝေဒနာ၏ပြဒါးတိုင်ဟု ဆိုခဲ့သည်။ ဟုတ်ပါသည်။ အလွမ်းဝေဒနာတို့ ဒီရေလိုမြင့်တက်လာချိန်က တမာနုချိန်တပေါင်းဦးဟု ဆိုချင်သည်။

အညာနှင့်တမာက ခွဲခြား၍မရ။ အညာသမိုင်းတို့ကို ကြည့်မည်ဆိုပါက တမာရွက်ခြောက်လေးများ၊ တမာဖူးသင်းသင်းရနံ့တို့ပါဝင် နေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းအိမ်သွားရာလမ်းတလျှောက် တမာပင်တို့ကိုမြင်ရမည်။ ချောက်ရေနံမြေသပိတ်ကြီးသွားခဲ့ရာလမ်းတလျှောက် တမာတို့ရှိနေမည်။ သခင်ဘိုးလှကြီးရုပ်တုအနီးတွင် တမာတို့သင်းနေမည်။ ထိုတမာရနံ့တို့ကြားကပင် စာပေအနုပညာရှင်များစွာ ထွက်ပေါ်ခဲ့သည်။ တမာသည်အထွေထွေသော ဘဝတို့ကိုတွေ့ကြုံခဲ့ရသည်။ လမ်းကြုံခဲ့ရင်တော့ တမာပင်ကျိုးတဲကျဲတဲအောက် ချိနဲနဲမြင်းလှည်းအိုလေးတစ်စီး ခရီးသွားများကိုမျှော်နေတာကို ကြုံရမည်။
တရက်မှာတော့စိတ်လိုလက်ရဖြင့် မိတ်ဆွေသတင်းထောက်ကြီးတစ်ဦးထံသွားကာ စန္ဒရားဖြင့် ချိုပြုံးဆိုသကဲ့သို့ “တမာတွေပွင့်ပြီမေရယ် မေပြန်ချိန်ဖြင့်သင့်ပြီထင်တယ်လေ” လို့ ဝမ်းပမ်းတနည်းဆိုညဉ်းခဲ့ရသေးသည်။ တစ်ရက်ကတော့ မိတ်ဆွေဓါတ်ပုံဆရာတစ်ဦးနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းကတောင်တန်းတွေ ကြားထဲ အမြင့်ဆုံးလို့ပြောလို့ရသည့် မြေစူတောင်ပေါ်ကနေ ပြည်မြို့ကိုအထက်စီးကမော်မော်ကြွားကြွား ကြည့်ခဲ့သေးသည်။
အဲဒီတောင်တန်းထဲမှာ တမာတွေ ရိုးတံငေါငေါဖြင့် ဖူးငုံနုသစ်နေတာကိုလည်း တွေ့ခဲ့ရသေးသည်။ ယာတောမီးရှို့ထားသည့်ရနံ့တို့နှင့်ဘယ်သူကိုမှန်းမသိလွမ်းခဲ့ရသည်။ ဘယ်ဆီဘယ်ဝယ်မသိ လမ်းဘေးလက်ဘက်ရည်ဆိုင်ခုံပုလေးတွင် ဒန်ရေနွေးအိုးအပိန်လေးဖြင့် ရေနွေးကျဲကျဲကို ငှဲသောက်ကာ ကတ္တရာလမ်းမထက်က သစ်ရွက်ခြောက်များ အဝေးပြေးကားနောက်ပြေးလိုက်သွားကြတာကို ကြည့်ဖြစ်သည်။ ဘယ်သူသည်ကိုယ့်အသည်းကိုခွဲခဲ့ပါလိမ့်လို့ အရေမရအဖတ်မရ စဉ်းစားရင်း လွမ်းဆွတ်ရသည်။ တမာရွက်ခြောက်တွေကတော့ တဖြောက်ဖြောက်ဖြင့်ဝေးကွာသွားကြပါပြီ။

ကျွန်တော့်မြို့လေးက အညာစာရင်းမဝင်ခဲ့ပေမယ့် အညာမြေနှင့်ရင်ခြင်းဆက်အမွှာညီအစ်ကိုလိုပါပဲ။ ပဲခူးတိုင်း နှင့်မကွေးတိုင်းကယုံဖြူတောင်လေးကိုကျော်လိုက်ရင်ဖြင့် အောင်လံမြို့လေးကိုဆိုက်ဆိုက်မြိုက်မြိုက်လေး ရောက်ကာ ဆက်သွားရင်တော့ ကိုးပင်၊ သစ်ရာကောက်၊ လမ်းခွဲလေးအတိုင်း မြစ်ကိုကျော်ကာ မင်းလှမြို့၊ လမ်းမကြီးတိုင်းသွားပါက ဒီလိုမှမဟုတ်ရင်တော့ တောင်တွင်းကြီ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ထိုသို့ အညာနှင့်နီးစပ်ခဲ့ပါသည်။
ပြည်မြို့လေးမှာတမာပင်တို့များစွာရှိသည်။ တမာပွင့်တို့သင်းနေအောင်မွှေးကာ ဖွေးနေအောင် ပွင့်ပါသည်။ ထိုနည်းတူတမာရွက်ခြောက်ဝါတို့လည်းနင်းတိုင်းခြေသံကြားရအောင် ကြွေခဲ့ပါသည်။ ကျွန်တော်အိမ်ရှေ့ခြံစည်းရိုးတွင်ပင် ယခင်က တမာပင်ကြီးရှိခဲ့သည်။ ထိုတမာပင်ကြီးအောက်တွင် အကြော်တဲလေးလည်းရှိခဲ့ပါသည်။ တမာနုချိန်ဆိုဝါးတံချူရှည်ဖြင့်ချူကာ ဇီးသီးဒါမှမဟုတ် မကျည်းသီးတို့ဖြင့် စဉ်အိုးလေးထဲတွင်စိမ်ထားကာ တို့စားကြသည်။

ကျွန်တော်တို့အရပ်မှာ တမာချဉ်ကိုစိမ်ကာ ထမင်းစားအလုပ်သဖွယ်လုပ်လေ့ရှိသည့် ကျေးရွာလေးတွေများစွာ ရှိသည်။ ရွှေတောင်မြို့နယ်ထဲက ဘယ်လက်ကျေးရွာ၊ ရွှေနတ်တောင်ဘုရားအနီးကျေးရွာလေးများမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ရွှေဘုံသာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ တို့တွင် တမာချဉ်လုပ်ငန်းများစွာ ရှိသည်။ ထိုမှတဆင့်ရန်ကုန်နှင့်အခြားမြို့ကြီးများသို့ပို့ကြသည်။ နှီးတောင်းကြီးများထဲတမာချဉ်အစီးလေးများထည့်ကာ အင်ဖတ်ဖားဖားကြီးများဖြင့်အုပ်ဆိုင်း၊ နှီးထုပ်ကာ ရန်ကုန်သို့သွားသည့် အဝေးပြေးကုန်ကားကြီးများနောက်မှာ တသင်းသင်းဖြင့်လိုက်ပါသွားတတ်ကြသည်။ နောက်တော့ထမင်းဝိုင်းများမှာ နေရာယူနေပါလိမ့်မည်။
ဒေသနေရာတွေကိုလိုက်ပြီး တမာနုချိန်တွေက အနည်းငယ်ကွဲလွဲမှုရှိကြသည်။ လှိုင်လှိုင်နုချိန်နှင့် အနည်းငယ်နုချိန်သာကွာခြားသည်။ အများအားဖြင့်တပေါင်းလချိန်ခါတွေပဲဖြစ်သည်။ တမာနုချိန်ဆိုရင်တော့ တမာလုပ်ငန်းရှိကြသည့် တောရွာတွေကတောင်သူမကြီးအချို့ ငွေပိုငွေလျှံအလုပ်ကလေးရကြသည်။ ပုတ်တောင်းကြီးများကိုရွတ်ကာ ၀ါးတံချူချောင်းလေးများနှင့် ပုဆိုးစုတ်များခေါင်းခြုံကာ၊ ဖျင်ကြမ်းအကျီင်္လက်ရှည်များနှင့် ရွာခရိုးစပ်စပ်၊ လယ်တောစပ်၊ တောတန်းခင်ရိုးလေးများဆီသွားကာ ၀ိုင်းဖွဲ့စကားပြောရင်းတမာနု ခူးချွေပေတော့မည်။ ထိုမြင်ကွင်းများကိုမြင်ရပါက ဘာရယ်မသိကျွန်တော် စိတ်ထဲ မောဟိုက်စွာဖြင့်ကြည်နူးမိသည်။ တမာတွေနုပြီပဲ။ တမာတွေပွင့်တော့မှာပဲ။

တမာချဉ်ဖန်တီးမှုကိုစူးစမ်းမေးဖြစ်တော့ ယခုနှစ်ခူးယူစိမ်ထားသည့်တမာနုများကို မနှစ်ကျမှသာပြန်လည် ဖော်ယူစားသုံးနိုင်မည်ဖြစ်ပြီး ယခုနှစ်စားသုံးနေသည်ကတော့မနှစ်ကစိမ်ထားသည့် တမာနုများပင်ဖြစ်သည်။ တမာနုများကိုခူးဆွတ် အစည်းကလေးများစည်းနှောင်း၍ ရာဝင်စဉ့်အိုးကြီးများအတွင်း အစီရီသိပ်ထည့်ကာ ကျောက်ချဉ်၊ ဆား၊ နနွင်း တို့ဖြင့် အချိုးအစားကျနစွာ ဖြင့် တစ်နှစ်ပတ်လုံးစိမ်ထားကြကာ ရာသီချိန်ပြန်လည်ရောက်ရှိချိန်မှာတော့ ပြန်လည်ဆယ်ယူပြီး မန်ကျည်းသီးများဖြင့် အချဉ်ဖောက်ကြသည်။ အချို့အိမ်စားသုံးရန်အနည်းဆိုပါက ဇီးသီးခြောက်များဖြင့် စိမ်သည်လည်းရှိသည်။ ယနေ့ခေတ်မှာတော့ တမာချဉ်ကို အချိန်ရာသီမရွေးဝယ်ယူရရှိနေပေပြီ။
တမာသည်ကား မြန်မာတိုင်းရင်းဆေးစွမ်းကောင်း တစ်ခုလည်းဖြစ်သည်။ ဆေးနည်းများစွာရှိသည့်အတွက် ပြော၍ပင်ကုန်နိုင်မည်မထင်။ မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာအရ အပွင့်၊ အရွက်၊ အသီး၊အစေ့၊ အခေါက်၊ အရိုး၊ အစေး၊ အဆီ အားလုံးမှာ ဆေးဖက် ဝင်ကြောင်း မြန်မာဆေးကျမ်းများတွင်တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းဆေးရုံများထဲတွင် အများအပြားစိုက်ပျိုးထားရှိသည်ကိုတွေ့ဖူးသည်။ တမာအကြောင်းကပြောမည် ဆိုလျှင်ကုန်နိုင်မည်မထင်။
တမာသည်သီချင်းဂီတ၊ ကဗျာစာပေသမားတို့၏ နွေဦးသရုပ်ဇာတ်ကောင်တွင် မပါမဖြစ် ဇာတ်ပို့နေရာကသော်လည်းကောင်း၊ အဓိကဇာတ်ဆောင်နေရာကသော်လည်းကောင်းပါဝင်နေတတ်သည်။ ကျွန်တော်ကလည်း တမာအကြောင်း မဖြစ်ညစ်ကျယ်စိတ်ကူးအတွေးလေးဖြင့် စာရေးနေမိပြန်သည်။ ဒါပေသည့် ကျွန်တော်ကအညာတွင်မွေးသူမဟုတ်ပြန်ပါလေ။ တမာအုပ်အုပ်ရှိရာရှာဖွေသွားရသည်။ အညာရောက်က တမာပင်တန်းတို့ကိုတခုတ်တရကြည့်ရသည်။ တမာတွေနုပြီ၊ တမာတွေနုပြီလို စိတ်မှာမကြာခဏမည်တွန်နေမိသည်။

တမာနုချိန်သည်ကခဏတာအချိန်လေးသာမဟုတ်လား ရက်တို့ရင့်လာသည်နှင့်အမျှ တမာတို့ကလည်းရင့်သွားကြတော့မည်မဟုတ်လား။ တွေးနေယုံမျှဖြင့် တမာနုချိန်ကိုလက်လွတ်ခံမည်မဟုတ်၊ တောတန်းခရိုးလေးဆီသွားရမည်ဟု ပြင်ဆင်ထားမိသည်အထိ တမာနုချိန်က စွဲဆောင်လွန်းနေသေးတော့။
အခုတော့ တမာတို့နည်းတူသရက်ဖူးလေးတွေလည်း ဝေနေကြပြီ။ အချို့သရက်ပင်တို့ကတော့ သီးကင်းလေးများပင်သီးနေကြပါပြီ။ တို့စရာအဖြစ် တမာချဉ်၊ သရက်ကင်းတို့ဖြင့် ထမင်းမြိန်လှပြီ။ မကြာခင်မှာတော့ စွပ်ကျယ်လက်ပြတ်တစ်ထည်ဖြင့် နေ့တို့ကိုပူလောင်လောင်ခံစားရအုံးတော့မည်ပေါ့။ တောတန်းလေးဆီသွားမည်၊ ဆရာမြသန်းတင့်၏ပင်ကိုယ်ရေးအက်ဆေးစာအုပ်လေးကို ထည့်သွားမည်၊ တမာရိပ်မှာနားမည်၊ လမ်းဘေးတစ်နေရာတမာပင်အောက်အကြော်တဲလေးများရှိနေရင်တော့ နေနွေးကြမ်းပူပူဖြင့် အကြော်စားကာ စာဖတ်နေမည်။ အရှက်နှင့်အသက်လဲခဲ့ရသည့် မိန်မပျိုလိုမျိုး ဘဝ ဘယ်ခေတ်မျိုးမှာမှ အဖိနှိပ်ခံများမကြုံတွေ့စေလိုတော့ပါ။
တမာနုချိန်သည် အလွမ်းတို့ဖြင့် ဆွတ်ပျံဖွယ်ရာ သာဖြစ်နေစေလိုသည်။ တမာတို့နုချိန်တပေါင်းလသည် ဆယ့်နှစ်လရာသီတွင် အသာယာဆုံးလ မဟုတ်ပါလားလေ။
ရေးသားသူ-ဝေလင်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ရသစာတမ်း #အက်ဆေး #စကားပြေ #တမာနုချိန် #အညာ #မြေလတ် #တမာ #ဝေလင်း