ဇန်နဝါရီ ၁၂၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ နဲ့ ရေဖြူကျေးရွာ တို့က တောင်သူတွေစိုက်ပျိုးထားတဲ့ ကြံခင်းတွေကို စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေက ကြံလုပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် ခုတ်သိမ်းတော့မယ့် ကြံခင်းတွေကို မီးတိုက်သွားတဲ့အတွက် ကြံစိုက်ဧကရာချီ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

“ရှစ်ရက်နေ့က စကစ က ရေဖြူမှာကြံခင်းမီးရှို့ခဲ့တယ်။ ဧက က မမှန်းတတ်တော့ဘူး။ တော်တော်တော့များတယ်။ ကြံခင်းတွေက မတ်တပ်တွေလည်းရှို့ခံထားရတယ်။ မီးရှို့ခံထားရတဲ့ကြံက သုံးရက်လောက်နေရင် ချဉ်သွားတော့ စက်ရုံတွေက လက်မခံပါဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိကြံခင်းတွေမီးရှို့ခံထားရတဲ့ ရွာတွေဟာ ကြံကိုအဓိကထားစိုက်ပျိုးတဲ့ဒေသတွေ ဖြစ်ပြီး ကြံ (၁) ဧက အထွက်နှုန်း တန် ၂၀/၂၅ ထွက်ရှိတဲ့ စိုက်ခင်းတွေ ဖြစ်ပါတယ်။

“ဗောဓိကုန်းဘက်မှာလည်းဖြစ်တယ်။ ရေဖြူနဲ့နှစ်ရွာ ဧကကတရာနီးပါးမှာရှိတယ်။ တချို့ဆိုတဦးတည်းကို ဧကသုံးဆယ်နီးပါးရှိပါတယ်။” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတဦး ကလည်း ဒို့ပြည်ကို ပြောပါတယ်။
၂၀၂၅-၂၀၂၆ ခုနှစ်ကြံရာသီအတွက် အဖူး၊ အမြစ်၊ အမှိုက်ကင်းစင် သန့်ရှင်းလတ်ဆတ်တဲ့ကြံ (၁) တန်ကို စက်အရောက် ၁၇၀၀၀၀ ကျပ် ပေါက်စျေးရှိတယ်လို့ ပြည်မြို့၊ နဝဒေးသကြားစက်ရုံက ကြေညာထားပါတယ်။

ဒါကြောင့် ကြံ (၁) ဧက ပျှမ်းမျှအထွက်နှုန်း (၂၃) တန် ကို (၁) တန် ပေါက်စျေး ကျပ် ၁၇၀၀၀၀ နဲ့ တွက်ပါက ကျပ်သိန်း ၃၉၁၀၀၀၀ ရရှိမှာဖြစ်တဲ့အတွက် မီးရှို့ခံရတဲ့ ကြံဧကပေါင်းရဲ့ တန်ဖိုးဟာ သိန်း ၄ ထောင်နီးပါးခန့် ရှိတယ်လို့ သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်ဟာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြုလုပ်တဲ့မြို့နယ်တခုဖြစ်ပြီး ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုး ရှင်းလင်းတာ၊ ဖမ်းဆီးတာ၊ မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပေါက်ခေါင်းမြို့နယ် #ပြည်ခရိုင် #ကြံ #စိုက်ပျိုးရေး #တောင်သူလယ်သမား #စစ်ကော်မရှင်