“မသာတစ်ကောင် အရင်းထောင်ခြင်း ယတြာ”

(သရော်စာ)

ဩဂုတ် ၁၀၊ ၂၀၂၅။

သတင်းတစ်ခုကိုမဖတ်ရသေးခင်၊ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတော့ကျုပ်မှာ မထိတ်သာမလန့်သာပျော်လိုက်ရတာ။ ယာယီသမ္မတသေပြီတဲ့ဆိုတဲ့စကားနောက်မှာ ကျုပ်အတွေးထဲပေါ်လာတာက၊ မအလ ကြီးရဲ့မျက်ခွက်။ နောက်မှ သတင်းမှာဖတ်လိုက်ရတော့ ပျော်တဲ့စိတ်တောင်မှ”တွဒ်”ပဲရလိုက်တာကိုး။

အကြမ်းဖက်စစ်တပ်ကိုယ်စားပြု ယာယီသမ္မတမြင့်ဆွေ ဒီနေ့တော့ တကယ်သေပြီဆိုတဲ့ခေတ်သစ်ရဲ့သတင်းခေါင်းစီးကလည်း ထင်သာမြင်သာ။ ယာယီသမ္မတဆိုတဲ့ဟာရီးကလည်းသေတာတောင် ဖြောင့်ဖြောင့်ဖြူးဖြူးမရှိဘူးရယ်။ မအလ ကြီးက သေလိုက်တော့ဟေ့ဆိုမှ သေရတဲ့မသာကြီးကိုးဗျ။

ယာယီသမ္မတဆိုပေမယ့် နောက်နားက “ဂွင်းခတ်ထားတဲ့ တာဝန်” ဆိုတာပါမှ၊မအလကြီးရဲ့မသာဖြစ်ခြင်းသတင်း။ အခုဟာက မအလကြီးရဲ့ရုပ်သေးရုပ်ချာသမ္မတ။

မအလကြီးများရဲ့ မယောင်ရာဆီလူး အရူးကွက်နင်းလိုက်ပုံကလည်း၊ မသာကိုဇာချဲ့ကြအုန်းမလို့ဆိုပဲ။ မသာကြီးဇာချဲ့ရေးကော်မတီတွေ ဘာတွေဖွဲ့သတဲ့။ ဝမ်းနည်းခြင်းရက်သတ္တပတ် ဆိုသဟာလည်းပါပြန်သေး။ အလုပ်မရှိပဲစေ့သွန်ကောက်တာလား၊ ကြောင်ရေချိုးတာလား၊ ယအုသန်းရှာတာလား မပြောတတ်ပေါင်ဗျာ။ သေချာတာကတော့ မသာမြင့်ဆွေရဲ့မကောင်းခဲ့တဲ့နောက်ကြောင်းရာဇဝင်ကို သေတဲ့အထိ တိုင်းပြည်ဘဏ္ဏာဖြုန်းတီးခြင်းနဲ့ အထွဋ်တင်ပေးလိုက်ကြပုံ ရပါသဗျာ။

မအလကြီးတို့စစ်ကော်မရှင်ကြီးက မသာတစ်ကောင်အရင်းထောင်ပြီး ဘာကများလုပ်ကြအုန်းမလဲ မသိသေးဘူးဗျို့။ ဒင်းတို့တစ်တွေရဲ့အကြံပေးဝဇီပိတ်ကိုယ်တော်ကြီးက ဘာတွေမဟုတ်မဟတ်လုပ်ဇာတ် ခင်းခိုင်းထားလဲမသိ။ အခုတစ်လော NLD အစိုးရကို မအလကြီးတို့တသိုက် “လမင်းကို ခွေးဟောင်” နေကြတာ မြင်မတော်ကြားမတော်ကြီး။ NLDအစိုးရတည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေဖြိုတာဖျက်တာတွေလည်းကြားရ ပြန်သကိုး။

နောက်ထပ်သတင်းတစ်ခုကလည်း ယာယီသမ္မတမြင့်ဆွေနာရေးကို မအလ ကြီးရဲ့သားသမီးမြေးတစ်စုက ဝမ်းနည်းကြောင်းကြော်ငြာတွေဘာတွေကို၊ ဘောမ သတင်းစာတွေမှာထည့်လို့ဆိုလား။ ယတြာလားဘာလားမခန့်မှန်းတတ်ပေါင်ဗျာ။သေတဲ့မသာကြီးကလည်းကြာသပတေးနံ ယာယီသမ္မတ၊ မသေသေးတဲ့မသာကြီးကလည်း ကြာသပတေးနံ ယာယီသမ္မတဆိုတော့ကာ။

ပြီးခဲ့တဲ့ရက်တွေထဲက အာစီယံ ကြီးကကြီးမှူးပြီးတော့မြန်မာ့အရေးအတွက် NLD အပါအဝင်အဖွဲ့အစည်းအစုံအလင်နဲ့ ဆွေးနွေးပွဲလုပ်ကြသေးဆိုပဲ။ NLDကတော့ ခရီးသွားလာရေးအခက်အခဲကြောင့် မတက်ရောက်နိုင်ပဲ၊ အိတ်ဖွင့်ပေးစာတစ်စောင်ပို့တယ်ဆိုလားပဲ။

မကြာမတင်ကာလမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြီးက အာစီယံအစည်းဝေးတစ်ခုကို လာရောက်ဖို့ရှိတယ်လို့လည်း ကြားထားလေတော့၊ အာစီယံအဖွဲ့ကြီးလည်း ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးနံဟောင်နေတဲ့ပြဿနာကို အမြန်ဖြေရှင်းနေပုံ ရပါတယ်။

စစ်ကော်မရှင်ကြီးကလည်း အားကျမခံဆိုသလို အမေရိကန်အစိုးရနဲ့ဆက်ဆံရေးအဆင်ပြေဖို့အတွက် DCI group ကို တစ်နှစ်ဒေါ်လာ ၃သန်းနဲ့ စာချုပ်ချုပ်ဆိုငှါးရမ်းတယ်ဆိုလားဗျို့။ မုသားတွေစျေးကောင်းတာလား။ ကတုံးပေါ်ထိပ်ကွက်မှာလားဆိုတာတော့ မသိပေါင်ဗျာ။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ဒို့ပြည်
#သရော်စာ #ကာတွန်း # #ဇေယျတု #ညိုမြ

You may also like these