

ဩဂုတ် ၁၇၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို ဖမ်းဆီးရာမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ လို့ ခေါ်တဲ့ ပလကဖအဖွဲ့ဝင်တွေက အဓိကပါဝင်နေကြတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။
ပြည်မြို့နယ်တမြို့နယ်တည်းမှာပင် ပလကဖ အဖွဲ့ဝင် ရာဂဏာန်းခန့်မှာရှိပြီး တယောက်ကို လစာအနေနဲ့ ထောက်ပံ့ကြေး ၂ သိန်းကျော် ရကြတယ်လို့ ဆိုပါတယ်။
“ပျူစောထီးတွေပါတယ် ရာအိမ်မှူး ဒလန်ကောင်တွေပါတယ်။ အပြာဝတ်နဲ့ပဲ သူတို့က လူငယ်တွေကို ဆိုင်ကယ်ဖမ်းသလိုလို နဲ့ အကြောင်ရိုက်ပုံမှားရိုက်ပြီးဖမ်းတာလည်းရှိတယ်” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
၉၅၉ တပ်ထဲမှာရှိတဲ့ စစ်မှုထမ်းဖမ်းဆီးလာသူတွေ ထားရာနေရာမှာလည်း ပလကဖ အဖွဲ့ဝင်(၅) ဦးက ပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပလကဖ အဖွဲ့ဝင်တွေဟာ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်တွေနဲ့ စျေး မီးပွိုင့်လို နေရာတွေ၊ ကားဂိတ်နဲ့ ဘူတာရုံ တွေမှာ ရောနှောနေထိုင်ပြီး စစ်မှုထမ်းဖမ်းဆီးဖို့အတွက် စောင့်ကြည့် သတင်းပေးနေကြတယ်လို့ မြို့ခံတဦးကလည်း ဆိုပါတယ်။
“အခုကတော့ဗျာ ညနေ ၈နာရီ လောက်ဆို လမ်းပေါ်လူကိုမရှိတော့ဘူး။ မြို့အစွန်လမ်းကြိုလမ်းကြားတွေ ဘုံဆိုင်တွေနဲ့ ရွာအပြန်လမ်းတွေမှာ အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေရော လူဖမ်းဖို့ပဲ လုပ်နေကြတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း ဖမ်းတယ်။ ညမထွက်တာကတော့ အကောင်းဆုံးပါပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပုံစာ- ပေါင်းတလည်မြို့က စစ်ကောင်စီရဲ့ အရန်အင်အားစုများ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay