ဩဂုတ် ၂၆၊ ၂၀၂၅။
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကို ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ ခဲ့တာမှာ ထိခိုက်ဒဏ်ရာရ ပျက်စီးမှုတွေ ရှိပေမဲ့ သွားရောက်ကြည့်ရှု့ဖို့် ခက်ခဲတာနဲ့ ဆက်သွယ်ရေးလိုင်းတွေကြောင့် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“အဲ့ရွာကို location အတိအကျကြဲတာ။ အရင်ဆုံး ဖေ့ဘုတ်မှာ အဲ့ရွာကို ဗိုလ်ချုပ်ရောက်ခဲ့ကြောင်းဂုဏ်ယူပြီး တင်ကြတယ်။ စကစ က ပစ်မှတ်ထားလာကြဲသွားတာ။ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး” လို့ ရခိုင်အမျိုးသားတဦး က ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်ခန့်က အာရက္ခတပ်တော်-AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေသခံပြည်သူလူထုတွေ့ဆုံနေကြတဲ့ ဓါတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်အသုံးပြုသူ တချို့က ကျောက်ခုတ်ရွာကို အရင်ဆုံးလာရောက်တွေ့ဆုံခဲ့တဲ့ သမိုင်းအဖြစ် ဂုဏ်ယူရတယ်ဆိုပြီး ရေးသားတင်ခဲ့ကြတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ဓါတ်ပုံတွေပျံ့နှံ့လာပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာပဲ စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေကနေ ဓါတ်ပုံနဲ့ နေရာတွေကို ညွှန်ပြခဲ့ကြကာ ဗုံးကြဲဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်ကလည်း မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တာမှာ အရပ်သားသေဆုံးမှု ၁၃ ဦးထိမြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay