ပြည်၊ ဝက်ထီးကန်မှာ မြတ်ရိတ်ပြန်လာသူ (၁) ဦးနဲ့ လူငယ် (၁) ဦး ပေါ်တာဆွဲခံရပြီး မိသားစုတွေ့ခွင့်မရ

စက်တင်ဘာ ၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ အလိုတော်ရရွာ မှာ လူငယ်(၃) ဦးကိုဖမ်းဆီးသွားပြီး (၁) ဦးကိုပဲပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခန့်က အလိုတော်ရရွာမှာ မြတ်ရိတ်ပြန်လာတဲ့ အသက်(၃၀) အရွယ်လူငယ်(၂) ဦးကို ရွာထိပ်၊ ကျောင်းသားလမ်းပေါက်မှာ အရပ်ဝတ်နဲ့ သေနတ်ကိုယ်စီကိုင်ဆောင်ထားတဲ့ ရဲ(၄) ဦးက ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြတ်ရိတ်အပြန်နားနေတုန်းမှာ ဆိုင်ကယ်သုံးစီးနဲ့ ရဲလေးဦးက သေနတ်တွေကိုယ်စီနဲ့ ဆိုင်ကယ်မောင်းလာပြီး မြတ်ရိတ်တဲ့သူနှစ်ဦးထဲက တဦးကိုခေါ်သွားပြီး တဦးကိုပြန်လွှတ်လိုက်တာပါ။ အမည်တွေကတော့ မပြောတော့ပါဘူး” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။

ဒါအပြင် ရွာထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက်(၂၀) အရွယ်လူငယ်(၁) ဦးကိုလည်း ဆိုင်ကယ်ရောလူပါ ဖမ်းဆီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

“အဲဒီနေ့ညပဲရဲစခန်းကိုလိုက်ကြတာ အတွေ့မခံဘူးတဲ့။ ညနေခြောက်နာရီခွဲလောက်လိုက်သွားကြတယ်။ ရှစ်နာရီလောက်မှာ ပြန်လာကြတယ်။ မိသားစုတွေမတွေ့ခဲ့ရဘူး” လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ကန်စွန်းအင်းရွာက လူငယ်(၁) ဦးကို ဆိုင်ကယ်လိုင်စင်မပါလို့ဆိုကာ ဖမ်းဆီးခဲ့ပြီး ဝက်ထီးကန်ရဲစခန်းအချုပ်မှာ တညအိပ်ခဲ့ရကာ နောက်တနေ့မှာတော့ ငွေကျပ်(၇) သိန်းနဲ့ ပြန်လိုက်ရွေးခဲ့ရေသးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်ထီးကန်မြို့ အစွန်အဖျားတွေနဲ့ ကျေးရွာချင်းဆက်လမ်းမတွေ ရွာထိပ်တွေမှာပါ အာဏာသိမ်းစစ်တပ်ရဲ့ ရဲ့တပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these