ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမအခြေမှာရှိတဲ့ ညောင်ခြေထောက်ကျေးရွာမှာ အမျိုးသား(၃) ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း စစ်ရေးရင်းမြစ်ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၅) ရက်နေ့က အလုပ်မရှိတဲ့အတွက် ညောင်ခြေထောက်ကျေးရွာကို အိမ်သာကျင်းတူးတဲ့အလုပ် လာရောက်လုပ်ကိုင်ကြတဲ့ လူငယ်(၂) ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားသလို စက်တင်ဘာ(၆) ရက်နေ့မှာတော့ ရွာက အသက်(၄၆) နှစ်အရွယ် ကိုသန်းထိုက် ဆိုသူကို လမ်းဆုံမီးရထားလမ်းနားမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“ပထမနှစ်ယောက်ကတော့ ရွာကမဟုတ်ဘူး။ ထုံးဘိုကလို့သိရတယ်။ မိသားစုတွေလိုက်ကြတယ်မရဘူး။ ကိုသန်းထိုက်ကတော့ သားသမီးနှစ်ယောက်နဲ့မိန်းမကျန်ခဲ့တယ် နွမ်းပါးတယ်။” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ကိုသန်းထိုက်မှာ ၁၆ နှစ်အရွယ်သား(၁) ယောက်နဲ့ သမီးငယ်လေး(၁) ဦး ရှိပြီး တောင်ယာအလုပ်နဲ့ ထင်းမီးသွေးအလုပ်ကို လုပ်ကိုင်နေရသူလို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ(၆) ရက်နေ့ညက ဘူးဘက်ရွာသား(၃) ဦးကို ကပစ(၆) တပ်ထဲက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် (၁) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကပစ(၆) ထဲကို သံချောင်းတွေဝင်ခိုးတယ်ဆိုပြီး စစ်တပ်က စွပ်စွဲပြီးပစ်တာ။ အပစ်ခံရလို့ သေတဲ့သူက ဝင်းနိုင်လို့ သိရတယ်။ နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်” လို့ ဒေသတွင်းစစ်ရေးရင်းမြစ် က ဒို့ပြည် ကိုပြောပါတယ်။
လက်ရှိကာလအတွင်း ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီး အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးများနေသလို လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုရှိနေတယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay