

စက်တင်ဘာ ၁၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ တပ်ဖွဲ့ နဲ့ ပူးပေါင်းအုပ်စုတွေက စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ မြို့ခံတွေက ဒို့ပြည် ကိုပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က ငါးရွာအုပ်စု၊ တောင်ကုန်းကျေးရွာမှာ ည ၁၁ နာရီအချိန်ရွာထဲကို အိမ်စီးကားတွေနဲ့ ဝင်ရောက်လာပြီး လူငယ်(၃) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
“အိပ်နေတဲ့လူငယ်သုံးဦးကို ဝင်ရောက်ဖမ်းဆီးသွားပါတယ်။ အဲဒီလူငယ်သုံးဦးဟာ ဘာပြစ်မှုမှမရှိပါဘူး။ ခြင်ထောင်ထဲအိပ်ပျော်နေတဲ့သူတွေကို လက်နက်အားကိုးနဲ့ ဘာပြစ်မှုမှ မရှိသူတွေကို အိမ်ထဲထိဝင်ဆွဲခေါ်သွားတာပါ” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည် ၂ နာရီခန့်ကကလည်း နဝင်းရပ်ကွက်၊ ဧရာဝတီမြစ်၊ ကံမမော်တော်ဆိပ် မှာ ဇယ်တောက်နေကြတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေရှိခဲ့ပြီး ညပိုင်းမှာတော့ အနီးနားရွာတွေဖြစ်တဲ့ ဖိုးခေါင်၊ ချောင်းနားတန်း၊ မာလကာကုန်း၊ လက်ခုပ်ပင် စတဲ့ ကျေးရွာ၊ ရပ်ကွက်တွေက လူငယ် ၂၀ ခန့်ကို ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ဒို့ပြည်ရဲ့ မြို့ခံသတင်းရင်းမြစ် က ပြောပါတယ်။
“ပြည်မှာက အတော်ကိုအခြေအနေဆိုးဆိုးဖြစ်နေတယ် ညကလည်း ရွှေလက်လှထဲမှာ ဝင်ဆွဲနေတယ်။ နဝင်းဘက်မှာလည်း ဝင်ဆွဲနေတယ်။ ဖိုးခေါင်ရွှေတံခါးအကုန်ပါတယ်။” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ညပိုင်းတွေမှာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုတွေရှိနေလို့ လူငယ်အများစု ရှောင်တိမ်းအိပ်နေရတာတွေ ရှိနေပြီး ညအချိန် အလုပ်သွားအလုပ်ပြန် ဖို့ကို ခက်ခဲလာတယ်လို့ ဆိုကြပါတယ်။
“ရွာတွေမှာ ဒလန်ပျူစောထီး၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူးအဆွယ်အပွား တွေက တအားကို ဆိုးနေတာ။ သူတို့ လမ်းပြတယ်။ လူငယ်ရှိတဲ့အိမ်တွေကို ၉၅၉ တပ်ကို သတင်းပို့တယ်။ လာဖမ်းတယ်။ ငွေနဲ့ပြန်ရွေးရင် သူတို့ကလည်း ဝေစုရနေတာ ညပိုင်းအပြင်မထွက်ရဲလို့ မထွက်ကြဘူး။ အပြင်မထွက်တော့လည်း အိမ်ထဲထိ လိုက်ဖမ်းနေကြတာ” လို့ မြို့ခံအမျိုးသမီးတဦး ကလည်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) ကို ဩဂုတ်လ ၁၄ ရက်နေ့က စတင်ခဲ့ပြီး အပတ်စဉ်တခုကို တပ်သားသစ်(၅၀၀၀) ခေါ်ယူနေတာဖြစ်ကာ ပြည်မြို့နယ်က အပတ်စဉ်(၁) ခုအတွက် တပ်သား(၄၀) ပို့ဆောင်ပေးနေတယ်လို့ ဒေသတွင်း စစ်ရေးရင်းမြစ်ဆီက သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
ပုံစာ-ပြည်မြို့နယ်မှာ ဧည့်စာရင်းစစ်နေတဲ့ စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များ(ပုံဟောင်း-စစ်တပ်ချန်နယ်)