

(Photo Essay)
စက်တင်ဘာ ၁၆။ ၂၀၂၅။
မြန်မာနိုင်ငံရဲ့ နာမည်ကြီးစားစရာအသီးအနှံတွေမှာ ပဲခူးတိုင်း၊ ပြည်ခရိုင်ထဲက ထွက်တဲ့ဩဇာသီးတွေလည်း ပါဝင်ပါတယ်။
နှစ်စဉ်ဆိုသလို မိုးနှောင်းကာလ ဝါခေါင်၊ တော်သလင်းလကနေ စတင်ပြီး ဩဇာသီးတွေဟာ လှိုင်လှိုင် ပေါ်လာလေ့ရှိပါတယ်။ မိုးလေဝသရာသီဥတုပေါ်ကိုမှီပြီး အထွက်နှုန်းများတာ နည်းတာရှိတတ်ပေမဲ့ အချိန်မှန်ပဲပေါ်ထွက်လာလေ့ ရှိပါတယ်။
ပြည်ဩဇာသီးလို့ နာမည်ကြီးလှပေမဲ့ ပြည်မြို့ကနေ ထွက်ရှိတာကနည်းပြီး ပြည်မြို့ဧရာဝတီမြစ်တဘက်ကမ်း ပန်းတောင်း မြို့နယ်ထဲက ညောင်ပင်သာ၊ ရွေဘုံသာ၊ မန်ကျည်းစု၊ ရွာသစ်၊ စစ်တဝင်းနဲ့ သစ်စိမ့်ပင် အခြားရွာကလေး တွေကနေ အများအပြားထွက်ရှိပြီး ပြည်-ပန်းတောင်း-ဥသျှစ်ပင်ကားလမ်းမကြီးဘေးဝဲယာမှာ ယာယီတဲလေးတွေ ထိုးပြီး ရောင်းချလေ့ ရှိပါတယ်။
ဩဇာခြံကြီးတွေဟာ ဧရာဝတီအနောက်ဘက်ကမ်း တန့်ကြည်တောင်တန်းအစွယ်တွေမှာ ရှိသလို အခြားတောင်ကုန်းယာတောတွေထဲမှာလည်းရှိတဲ့အတွက် ခြံပိုင်ရှင်တောင်သူတွေကိုယ်တိုင်ခူးကြသလို တချို့ကလည်း မိသားစု၊ ဆွေမျိုးတွေနဲ့ ရွာထဲက ဒေသခံမိန်းမပျိုတွေကို အငှားခေါ်ခူးလေ့လည်း ရှိပါတယ်။
ဩဇာသီးခူးဆွတ်ကြတဲ့ အမျိုးသမီးတွေဟာ တခြား လယ်ယာစိုက်ပျိုရေးလုပ်ငန်းတွေလိုပဲ နံနက်အစောပိုင်းမှာ၊ နေအိမ်တွေကနေ ပုတ်တောင်း၊ ဝါးတံချူ၊ တို့ကိုယူဆောင်ကာ နေပူဒဏ်ခံနိုင်မဲ့ အပေါ်ထပ်ရှပ်လက်ရှည်အင်္ကျီ၊ လည်ရှည်တောစီးဖိနပ်၊ တွေကို ဝတ်ဆင်ပြီး ဩဇာခြံကြီးတွေထဲကိုရောက်လာ ခူးဆွတ်ကြပါတယ်။
ခူးဆွတ်ရလာတဲ့ ဩဇာသီးတွေကိုတော့ ခြံပိုင်ရှင်တွေက အကြီးအလတ်အသေးရွေးချယ်ပြီး ဒိုင်တွေဆီကိုအပ်တာ၊ ကိုယ်တိုင်ရောင်းချတာတွေ ပြုလုပ်ကြပါတယ်။
အချို့ကတော့ ကျေးရွာတောင်တန်းပေါ်တွေအထိ လက်ကားဒိုင်ဖွင့်ကာ လိုက်လံသိမ်းဆည်းကြပါတယ်။ တချို့ကလည်း ပြည်မြို့ကို မြစ်ကြောင်းကတဆင့်ပို့သလို ကားလမ်းကနေလည်း ပို့ဆောင်တတ်ကြပြီး ရန်ကုန်၊ မန္တလေး နဲ့ အခြားမြို့ကြီးတွေကို ပို့ဆောင်ကြပါတယ်။
ဩဇာသီးတွေဟာ ဝါခေါင်လကွယ်ကနေစတင်ပြီး တော်သလင်းလမှာတော့လှိုင်လှိုင်ပေါ်ကာ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာတော့ ရှားပါးလာပြီး နောက်ပိုင်းမှာတော့ တနှစ်တရာသီအတွက် တုန်းသွားတယ်လို့ ဆိုလို့ရပါမယ်။
ဒီနှစ်(၂၀၂၅) ခုနှစ်မှာတော့ ပြည်ဩဇာသီးအကြီးတလုံးကိုတော့ ၇၀၀ ကျပ်ဝန်းကျင်နဲ့ အလတ်တလုံးကို ၅၀၀ ကျပ်ဝန်းကျင် အသေးတလုံးကို ၃၀၀ ဝန်းကျင်မှာ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
ဒီမှတ်တမ်းဓါတ်ပုံတွေကိုတော့ သတင်းထောက် ကိုဝေလင်း ကနေပြီး လွန်ခဲ့တဲ့ ၉ နှစ် (၂၀၂၆ ခုနှစ်) စက်တင်ဘာလက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ၊ စာသား-ဝေလင်း
ပြည်ဩဇာသီးအကြောင်း အပြည့်အစုံနားဆင်ရန်- https://www.youtube.com/watch?v=vqu4Xgc2ocA