🟥 တပြိုင်တည်းမှာပဲ နဝဒေးလမ်းပေါ်က လူငယ် ၂ ဦးလည်း အဖမ်းခံရ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဘူတာကြီး မှာ ရထားစောင့်နေကြတဲ့ လူငယ်(၄) ဦးကို အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီလူငယ်(၄) ဦးဟာ ပြည်မြို့၊ နဝင်းနယ်မြေ၊ အေးမြသာယာ က မင်းထွန်း၊ စိုးလွင်အောင်၊ သန်းထိုက်၊ နဲ့ တောင်ကုန်းက အရိုး(ခေါ်) အောင်ဇော်လတ် တို့ ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ(၁၆) ရက်နေ့ ညက ရန်ကုန်သွားမဲ့ရထားပေါ်ကို တက်နေချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
“ပြည်ကနေရန်ကုန်ရထားစောင့်နေချိန် ရထားပေါ်အတက်မှာ ဆွဲသွားတာပါ။ ၉၅၉ တပ်ကိုမိသားစုတွေလိုက်သွားကြတော့ ၃ ယောက်ပဲတွေ့ရတယ်။ ၁ ယောက်ကိုမတွေ့ရဘူး။ လွတ်ဖို့မသေချာဘူး” လို့ မြို့ခံအမျိုးသားတဦး က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ (၄) ဦးမှာ အိမ်ထောင်သယ်တွေပါဝင်ပြီး ကလေးငယ်လေးတွေလည်း ကျန်ရစ်ခဲ့တဲ့အတွက် အခက်ခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“ဒါဟာမတရားဖမ်းဆီးတာဘဲ ခုအဖမ်းခံရတဲ့အထဲမှာ ကလေးငယ်နဲ့သူလည်းပါတယ်။ သူတို့ကိုအားကိုးစားနေရတဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ မြို့ခံအမျိုးသားက ပြောပါတယ်။
အလားတူ ယမန်နေ့ည ၉ နာရီကျော်ခန့်ကလည်း နဝဒေးလမ်းမပေါ်မှာ ပြန်လာကြတဲ့ နိုင်လင်းအောင် သံဆိုင် က (၁) ယောက်နဲ့ အောင်ဆန်း သုံးရာသီထန်းရည်ဆိုင်ရှေ့က ပုလင်းဆိုင်က (၁) ယောက်ကိုလည်း အိမ်စီးကားနဲ့ အဖွဲ့တွေက ဖမ်းဆီးသွားပြီး ၉၅၉ တပ်ထဲမှာပဲ ထားရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၁၇) အခြေခံစစ်သင်တန်းကို စက်တင်ဘာလ (၁၅) ရက်နေ့က တိုင်းစစ်ဌာချုပ်အသီးသီးမှာ ရှိကြတဲ့ သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အပတ်စဉ်(၁၈) အတွက် လူသစ်ရရှိဖို့ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်မြို့နယ်က အပတ်စဉ်(၁) ခုကို တပ်သားသစ်(၄၀) ကိုပေးနေရတယ်လို့ စစ်ရေးရင်းမြစ်ဆီက သိရပါတယ်။
မူရင်းဓါတ်ပုံ-လူမှုကွန်ရက်
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay