ပြည်မြို့ မှာ ရာအိမ်မှူးနဲ့မီးသတ်တွေက (၁၃) နှစ်အရွယ် ကလေး(၁) ဦးကို ဖုန်းသူခိုးဟု စွပ်စွဲပြီးရိုက်နှက်စစ်ဆေးရာက သေဆုံး

🟥 ရိုက်နှက်သူတွေကို မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေး

စက်တင်ဘာ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့နယ်၊ ရွာဘဲရပ်၊ ကြံတောကုန်းရပ်ကွက် ရာအိမ်မှူးနိုင်ကြီး(မီးသတ်တပ်စုမှူး) နဲ့ အပေါင်းအပါ (၆) ဦးတို့ဟာ (၁၃)နှစ်အရွယ် အမျိုးသားကလေး (၁) ဦးကို ဖုန်းသူခိုးဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေးခဲ့ရာမှာ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည်(၁၂) နာရီမှာ စစ်ဆေးရိုက်နှက် ကြတာဖြစ်ပြီး ဦးခေါင်းကိုရိုက်နှက်မိတဲ့အတွက် ကလေးဟာမေ့မျောသွားပြီး ညနေပိုင်းမှာတော့ ပြည်ဆေးရုံကြီးကိုတင်ပို့ခဲ့ပေမဲ့ ဆေးရုံက ကုသဖို့ မရနိုင်တော့ဘူးဆိုတဲ့အတွက် စက်မှုကွက်သစ်၊ အလိုတော်ပြည့်ဘုရားအနီး မီးသတ်တပ်စုရုံးကို ပြန်သယ်ထားရှိခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့ရတာလို့ ဖြစ်စဉ်ကိုသိရှိထားသူက ပြောပါတယ်။

“ကျနော်တို့ကတော့ ကလေးက ခိုးတယ်ဆိုတာ ရပ်ကွက်ထဲမှာဘာမှ မကြားမိဘူး သူတို့က ဖုန်းခိုးတယ်ဆိုပြီး ဝိုင်းရိုက်လိုက်ကြတာ ခေါင်းထိတော့ဆေးရုံတင်တာဆေးရုံက မရတော့ဘူးဆိုပြီး ပြန်ခေါ်လာတယ် မီးသတ်မျှော်စင်ကင်းတဲမှာ ထားရင် ဆုံးသွားတယ်” လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ကြီးနဲ့ မီးသတ်ရဲဘော်(၄) ဦး၊ အောင်ဝင်းသိန်း၊ ရတနာထီးဖြူမီးသတ်တပ်စုမှူး အပေါင်းအပါ(၇) ဦးတို့ကို ပြည်အမှတ်(၂) ရဲစခန်းက စက်တင်ဘာလ(၂၁) ရက်နေ့ ညနေမှာပဲ ဖမ်းဆီးခေါ်ဆောင်သွားသလို သေဆုံးသူကလေးငယ်ရဲ့ အလောင်းကိုလည်း ဆေးရုံကြီးရင်ခွဲရုံကို ပြန်လည်သယ်ဆောင်ကာ ဆေးစစ်ချက်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့က ကလေးကဆေးသုံးတယ်ဆိုပြီးပြောနေတာ။ မဟုတ်ဘူး ဦးခေါင်းကိုထိသွားတာ၊ အတည်ပြုတယ်။ ကလေးကဆေးသုံးတယ် ဖုန်းခိုးတယ်ဆိုပြီးစွပ်စွဲတယ်။ ကလေးကအဖေအမေမရှိတော့ဘူး။ အမနဲ့နေရတာ သူလျှောက်သွားတာရှိတယ်။” လို့ ဖြစ်စဉ်ကို သိရှိထားသူတဦးက ပြောပါတယ်။

သေဆုံးတဲ့ကလေးငယ်ကိုတော့ ယမန်နေ့ စက်တင်ဘာ(၂၂) ရက်နေ့လည်က ရင်ခွဲရုံကနေ အေးငြိမ်းရာသုသာန်မှာ ပို့ဆောင်မီးသင်္ဂြိုဟ် ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးက ဖုန်းတို့ လက်တော့ပ်တို့ ယူတယ်လို့ ပြောတဲ့သူရှိတဲ့အတွက် ရာအိမ်မှူးနိုင်ကြီးနဲ့ မီးသတ်တွေကစစ်ဆေးခဲ့တာမှာ ရိုက်နှက်လို့ ခေါင်းထိသွားသလို၊ တင်ပါးတွေမှာလည်း အရှိုးရာတွေရှိခဲ့ပြီး ပါးစပ်ကလည်း အမြှပ်ထွက်လာတဲ့အတွက် ဆေးရုံကိုပို့တာမှာ ဆေးရုံက ပြန်ခေါ်သွားလို့ ဆိုတဲ့အတွက် ဆေးစာအုပ်ကိုယူမလာဘဲ ကင်းတဲမှာပဲ ထားခဲ့ရာကနေ အခုလိုဖြစ်ခဲ့တာလို့ ရိုက်နှက်ခဲ့တဲ့အဖွဲ့နဲ့ သိရှိသူတဦးကလည်း ပြောပါတယ်။

သေဆုံးခဲ့သူကလေးငယ်နဲ့ ပတ်သက်ပြီး ခိုးယူမှုတွေမရှိဘူးလို့ ဒေသတွင်းမှာတော့ ပြောဆိုထားကြပြီး ကလေးငယ်ဟာ သန္ဓေပင်ရပ်မှာ နေထိုင်သူဖြစ်ပြီး အမဖြစ်သူပဲရှိတော့တယ်လို့ ဆိုကြပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

 

You may also like these