ပခုက္ကူမှာ ပါရာမော်တော်နဲ့ဗုံးကြဲခံရလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်(၃) ဦး စျာပနပြုလုပ်

🟥 ပျူစောထီးတွေဆီ ဘက်ပြောင်းသွားသူတွေ သတင်းပေးတာဖြစ်နိုင်ဟုဆို
 
စက်တင်ဘာ ၂၉၊ ၂၀၂၅။
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာ နဲ့ ဗုံးကြဲတာခံလိုက်ရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေထဲက (၃) ဦးဟာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ယမန်နေ့ စက်တင်ဘာ(၂၈) ရက်နေ့ ညနေပိုင်းက အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခုကို ပါရာမော်တာ(၂) စီး နဲ့ ဗုံးကြဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး စခန်းပေါ်ကို တည့်တည့်ကျခဲ့တဲ့အတွက် အညာမြေတပ်ပေါင်းစု မှ စခန်းခွဲစခန်းမှူး၊ တပ်စိတ်မှူး ရဲဘော်သေမင်း(အသက် ၂၀ နှစ်)၊ God of myaing မှ ရဲဘော်ဗလ(အသက် ၁၈ နှစ်)၊ PI pdf မှ ရဲဘော်နိုင်ကြီး( အသက် ၃၄ နှစ်) တို့ ကျဆုံးခဲ့ရတာလို့ သိရပါတယ်။
 
“ပါရာမော်တာနှစ်စီးနဲ့ဗုံးကြဲတော့ စခန်းပေါ်တည့်တည့်ကျပြီး ဒီဖြစ်စဉ်ဖြစ်သွားတာပါ။ ဗုံးကြဲတာကတော့ ဟိုတလောရက်က –တွေဘက်ကို ဘက်ပြောင်းသွားတဲ့ သူတွေရဲ့ သတင်းပေးမှုကတဆင့် သတင်းပေါက်ကြားသွားပြီး ဒီနေရာကိုသိရှိသွားတယ်လို့ သုံးသပ်ရပါတယ်” လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကို ပြောပါတယ်။
 
ကျဆုံးသွားတဲ့ ရဲဘော်(၃) ဦးကိုတော့ ယနေ့မှာပဲ မီးသင်္ဂြိုဟ်ခဲ့ပြီး အခမ်းအနားနဲ့ ပြုလုပ်ကာ လိုက်ပါပို့ဆောင်သူများပြား ခဲ့ပါတယ်။
 
“မနေ့က ဆုံးရှုံးမှုဖြစ်ပြီး ဒီကနေ့မှာပဲ စျာပနကိုပြုလုပ်လိုက်ရပါတယ်။ လေကြောင်းရန်လည်းရှိတော့ အချိန်အကြာကြီးမထားတော့ဘဲ ဒီနေ့မှာပဲ မီးသင်္ဂြိုဟ်လိုက်ရပါတယ်။” လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီခန့်က မြတ်ကြီး၊ ငလင်း၊ ဖြိုးဇက်၊ နိုင်းဝမ်း တို့ (၄) ဦးဟာ သေနတ်(၅) လက်ကိုယူဆောင်ကာ ညောင်ဂျစ်ပင် ပျူစောထီး၊ စစ်– ထဲကို ဝင်ရောက်ကာ ပူးပေါင်းသွားခဲ့ပြီး သူတို့ရဲ့ မိခင်တပ်ဖွဲ့တွေကိုတော့ ထုတ်ဖော်မပြောလိုတော့ဘူး လို့ သူက ဆက်ပြောပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these