

စက်တင်ဘာ ၂၆၊ ၂၀၂၅။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဒေသတွင်းလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတွေက ပြည်သူတွေကို ဖိအားပေးပြီး တက်ရောက်ခိုင်းခဲ့တယ်လို့ မြို့ခံတွေက ဒို့ပြည် ကို ပြောပါတယ်။
တွေ့ဆုံပွဲတွေကိုတော့ စက်တင်ဘာ(၂၆) ရက်နေ့ က ပြည်ကမ်းနားလမ်း၊ မိုးလေဝသရုံးရှေ့မှာရှိတဲ့ ပဲခူးအနောက်ခြမ်းကြံ့ခိုင်ရေးရုံး မှာ (၁) ကြိမ်၊ စက်တင်ဘာ(၂၇) ရက်နေ့က ပြည်မြို့နယ်ရုံးမှာ တကြိမ် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒေသခံတွေကို တက်ရောက်ခိုင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ကြံ့ခိုင်ရေးကစည်းရုံးရေးလုပ်တာဟုတ်ပါတယ်။ ကျေးရွာအုပ်စုတွေကို မြို့နယ်ပါတီဥက္ကဌမိုးမိုးစံဦးဆောင်ဝင်တယ်။ မြိုပေါ်ရပ်ကွက်တွေကိုကြတော့ အမှတ်(၅) အမျိုးသားလွှတ်တော်နေရာကဝင်ပြိုင်မဲ့ ဒေါ်ခင်ရွှေမြင့်က တွေ့ဆုံနေတာပါ ဒေသခံအုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေ ရပ်ကျေးစည်းရုံးရေးမှူးတွေက တရပ်ကွက်ဘယ်နှစ်ယောက်နှုန်းနဲ့တက်ရမယ် ဆိုပြီး ဖိအားပေးတာပေါ့။ တွေ့ဆုံပွဲခေါင်းစဉ်တပ်ပြီး အကြိုမဲဆွယ်နေတာ” လို့ ဒို့ပြည် ရဲ့ ပြည်ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
တွေ့ဆုံပွဲတွေမှာ ပြည်သူတွေကို မဲပေးကြဖို့၊ ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီကြဖို့ နဲ့ ပါတီထဲဝင်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ရမယ်ဆိုပြီး ပြောဆို စည်းရုံးနေတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြသူတွေက ပြောပါတယ်။
“ရာအိမ်မှူးအမျိုးတွေကတော့ အဖြူတွေဝတ်ကြတယ်။ အင်္ကျီအဖြူတွေရှိရင် ဝတ်ခဲ့ကြ မရှိရင်လည်း ဒီအတိုင်းလိုက်လို့ရတယ်ဆိုပြီး ရာအိမ်မှူးက လိုက်ခေါ်တာ အစည်းအဝေးဆိုပြီး၊ နေ့စားခတော့မရကြဘူး။ အချိုရည်တော့ တိုက်တယ်” လို့ တွေ့ဆုံပွဲအတွက် ခေါ်ယူခြင်းခံခဲ့ရတဲ့ မြို့ပေါ်ရပ်ကွက်တခုမှ အမျိုးသမီးတဦး ကလည်း ဒို့ပြည် ကိုပြောပါတယ်။
ပဲခူးတိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စိုးမိုးထားရာမြို့တွေမှာတော့ ကြံ့ခိုင်ရေးပါတီဟာ လူထုတွေ့ဆုံပွဲတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာနေပြီး စစ်တပ်လက်အောက်ခံ ချန်နယ်တွေကလည်း တွေ့ဆုံပွဲ သတင်းစဉ်တွေကို ဆက်တိုက်ဖော်ပြပေးလျှက်ရှိပါတယ်။
#ဒို့ပြည်
ဓါတ်ပုံ-Moe Moe San
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay