အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာ ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ယနေ့ စက်တင်ဘာ (၃၀) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်အုပ်စုရေးဆွဲထားတဲ့၂၀၀၈ အခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဗကသများအဖွဲ့ချုပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ဗကသများအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ က ဒို့ပြည် ကို ပြောပါတယ်။

“ဒီနေ့ဒီကာလလို လူထုတစ်ရပ်လုံးဆင်နွဲနေတဲ့ စစ်(၃) စစ်အမြစ်ဖြတ်ရေး လက်နက်ကိုင်တော်လှန်ရေးကာလမှာ သူတို့အနေနဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချမယ့် ဒီတရားမ၀င်ရွေးကောက်ပွဲကျင်းပတာဟာ လူထုကို စော်ကားတာပါပဲ မျက်နှာပြောင်တိုက်တာပါပဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကို နိုင်ငံအနှံ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သပိတ်စစ်ကြောင်းမှာ ရဲဘော်ဇွဲလေးက ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ သပိတ်တရားတွေ ဟောကြားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဒီဇင်ဘာ နဲ့ ဇန်နဝါရီ လတွေမှာ အတုအယောင်ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်သွားဖို့ ကြိုးစားနေပြီး နိုင်ငံအနှံ့ကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါမကျန် သေဆုံးမှု မြင့်တက်နေပါတယ်။

#ဒို့ပြည်

You may also like these