ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ စံပြကျေးရွာမှာ စစ်မှုမထမ်းမနေရ ခေါင်းစဉ်နဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေက အစည်းအဝေးခေါ်ယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီအစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက စံပြ+အင်ပင်လှ စမ္မာရုံမှာ အုပ်ကြီးမိုးမှောင် ရဲ့ ခိုင်းစေမှုနဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အကျပ်ကိုင်ငွေတောင်းခဲ့တယ်လို့ သိရပါတယ်။
“တရွာလုံးမှာက နိုင်ငံခြားသွားတဲ့သူရော ရွာမှာရှိတဲ့သူရော အကုန်လုံး(၄၄) ဦးရှိတယ် အဲသူတွေက နှစ်လတခါ သုံးသောင်းပေးရမယ်။ တကယ်လို့ သုံးသောင်းမပေးတော့ရင် နိုင်ငံခြားသွားသူတွေကို မိဘကခေါ်ပေး ခေါ်မပေးရင် မိဘတွေတာဝန်ယူရမယ် မိဘတွေကို တရားစွဲအရေးယူမယ်လို့ ခြိမ်းခြောက်တယ်” လို့ ဒို့ပြည်ရဲ့ ဒေသတွင်းသတင်းရင်းမြစ် က ပြောပါတယ်။
စံပြရွာမှာ အသက် ၁၈ နှစ်မှ ၃၆ နှစ်အထိ လူငယ် ၄၄ ဦးရှိပြီး အချို့မှာ ပြည်ပမှာ အလုပ်ထွက်လုပ်နေကြရသူတွေဖြစ်ကာ ၄၄ ဦးစလုံး နှစ်လတကြိမ် ငွေ ၃ သောင်းပေးရမှာဖြစ်ပြီး မပေးပါက တအိမ်တက်ဆင်း လိုက်လံဖမ်းဆီးမှာဖြစ်သလို ခရီးလွန်နေသူတွေကိုလည်း ပြန်ခေါ်ပေးရမယ်လို့ ဆိုပါတယ်။
“ရှေ့အပတ်စဉ်ကစပြီးကျပ်လာဖို့ရှိတယ်။ ကျနော်တို့ကြားသိရသလောက် ပန်းတောင်းမြို့နယ်ထဲမှာလည်း ပိုက်ဆံမယူတော့ဘူး။ လူဆွဲမယ်။ သဲကုန်းမြို့နယ်မှာလည်း အစည်းအဝေးလုပ်တယ် နိုင်ငံခြားသွားသူတွေကိုလည်း ပြန်ခေါ်ပေးဖို့ ပြောတော့ အတွင်းထဲမှာ အကျပ်ရိုက်နေတဲ့အနေအထားရှိတယ်။ တော်တော်များများ က ပြည်ပနိုင်ငံသွားတယ် တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လာတာတွေလည်း ရှိနေတယ်။” လို့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦး ကလည်း ဒို့ပြည် ကို ပြောပါတယ်။
အခုလိုအစည်းအဝေးခေါ်ယူမှုတွေကိုတော့ သဲကုန်းမြို့နယ် အခြားကျေးရွာတွေမှာလည်း ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၁၇) ကို စက်တင်ဘာလ (၁၅) ရက်နေ့က စစ်တိုင်းသင်တန်းကျောင်းအသီးသီးမှာ ပြုလုပ်ခဲ့ပြီး အပတ်စဉ်(၁၅) သင်တန်းဆင်းပွဲကိုတော့ လာမယ့် အောက်တိုဘာ ၃ ရက် နေ့မှာ ပြုလုပ်မှာလို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay