အောက်တိုဘာ ၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် ရဲသင်တန်းကျောင်း မှာ (၂) လကြာ သင်တန်းတက်ရောက်နေတဲ့ ကိုဖြိုးသီဟဇော် ဟာ သင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်သွားတယ် လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦး ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ည(၇) နာရီခန့်က ကိုဖြိုးသီဟဇော် နဲ့ ရဲသင်တန်းသား(၁) ဦးတို့ဟာ ဝက်ထီးကန်ရဲသင်တန်း(မြို့)ကျောင်း ကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး လွတ်မြောက်ပြီးနောက် အတူတူထွက်ပြေးခဲ့သူနဲ့ လမ်းခွဲကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မိတဲ့အတွက် ခိုလှုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။
“တယောက်နဲ့ တယောက် တိုင်ပင်ပြီး သူတို့ တပ်ခရိုးအပေါက်သေးသေးကနေ ခြေထောက်နဲ့စောင့်နင်းပြီး လူတိုးသာတော့ ထွက်ပြေးလာတာပဲ ပြေးလာတာကတော့စက်တင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီလောက် ပြေးလာတာ၊ မကွေးတိုင်းဘက်ကို ပြေးတယ်။ အထဲမှာ ကျန်ခဲ့သူတွေကို အသိမပေးခဲ့ရဘူး မှတ်ပုံတင်လည်း ယူလာလို့မရဘူး။” လို့ လွတ်မြောက်ခဲ့တဲ့ ကိုဖြိုးသီဟဇော် က ဒို့ပြည် ကို ပြောပါတယ်။
ထွက်ပြေးခဲ့ပြီးနောက် လမ်းခရီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ခိုလှုံခဲ့တာလို့ သူက ဆိုပါတယ်။
“ကျနော်နဲ့အတူတူ ပြေးလာတဲ့ကောင်လေးက ဒီဘက်နယ်သား သူ့ကသူ့အကိုကြီးတွေရှိတော့ အကူညီတောင်းပြီး လွတ်မြောက်အောင်ပြေးလာတယ် သူတို့ကလည်း လွတ်မြောက်အောင်ခေါ်ပေးတယ်။ တန်းပြီးတိုက်ရိုက်ပေါ့ လမ်းလျှောက်ပြေးကြတာ ပြေးလာတော့ ထောက်ပို့နဲ့တိုးတော့ ဖြစ်ကြောင်းကုန်စင်ပြောတော့ ဒီအတိုင်းးသွားနေရင် မှားပစ်နိုင်တယ်ဆိုပြီး သူက လိုက်ပို့ပေးတာ” လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်ဖြစ်ခဲ့ပုံကို ကိုဖြိုးသီဟဇော် ကပြောပါတယ်။
ကိုဖြိုးသီဟဇော် ဟာ ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာတရွာကဖြစ်ပြီး ၅ လအရွယ် သမီးဖြစ်သူ နေမကောင်းဖြစ်နေတဲ့အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ က မြို့ကိုဆေးခန်းလာပြရင်း မှောင်နေတဲ့အတွက် အမျိုးသမီးဖြစ်သူရဲ့ ဇာတိ ပေါင်းတလည်က၊ ရွာနေအိမ်မှာ ညအိပ်တည်းခိုချိန်ဧည့်စာရင်း လာစစ်ခံရတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။
အုပ်ချုပ်ရေးရုံးကို ဧည့်စာရင်းတိုင်ထားပေမဲ့ အကြောင်းပြချက်မရှိဘဲ လက်နက်တွေကိုင်ဆောင်ထားတဲ့ စစ်သား(၂) ဦး၊ ရဲ(၆) ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက တည်းခိုနေတဲ့အိမ်ကို ည(၈) နာရီကျော်ကျော်ခန့်မှာပဲ လာရောက်ပြီး မေးမြန်း ဖမ်းဆီးကာ ပြည်မြို့ ရဲတပ်ရင်း(၁၀) ကို ပို့ခဲ့ပြီး နောက်ရက်မှာတော့ နေပြည်တော်ရဲတပ်ရင်း(၂၀) ကိုရောက်ရှိကာ အဲဒီကတဆင့် ဝက်ထီးကန်ရဲသင်တန်းကျောင်းကိုပြန် အပို့ခံခဲ့ရတာလို့ ဆိုပါတယ်။
“အဲညက ဧည့်စာရင်းတိုင်ပြီး အမျိုးသမီးအိမ်ကိုရောက်တော့ ရေချိုး ထမင်းစားပြီး ခဏထိုင်နေတာ့ သူတို့ ရောက်လာတယ် ဧည့်စာရင်းစစ်တာတဲ့ မှတ်ပုံတင်ပြ ဆိုတော့ ပြလိုက်တယ် မှတ်ပုံတင်ထဲမှာ ပေါက်ခေါင်းရွာဇာတိဆိုတော့ အောက်ကိုဆင်းခဲ့ပါအုံးဆိုပြီး မေးတယ်စမ်းတယ် ကျနော်က အမျိုသမီးနဲ့ အိမ်ထောင်ကျတာပြောတယ် အဲဒါကို စစ်အုံးမေးအုံးမယ်ဆိုပြိး လက်ထိပ်ခတ်ပြီး ကားပေါ်တင်သွားတာပဲ” လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။
လက်ရှိမှာတော့ လွတ်မြောက်သွားတဲ့ ကိုဖြိုးသီဟဇော် ဟာ မိသားစုနဲ့ ဆက်သွယ်ရထားပြီး ပြန်လည်တွေ့ဆုံနိုင်ဖို့ ကြိုးစားနေပြီး ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“သူတို့-ခ-တွေ ဧည့်စာရင်းစစ်တော့မယ်ဆိုကတည်း က ရှောင်သင့်တယ်။ ဧည့်စာရင်းတိုင်တာက ပိုအန္တရာယ်ရှိတယ်။ သူတို့နဲ့တွေ့ရင် အဝေးကြီးကရှောင် ဧည့်စာရင်းမတိုင်နဲ့ ကိုယ်ရှိကြောင်း အသိပေးသလို ဖြစ်နေမယ်။ စစ်မှုထမ်းထဲမှာ ရောက်နေတဲ့ ညီအကိုတွေကိုပြောချင်တာက ရုန်းကန်ချင်တဲ့စိတ်ရှိတဲ့သူတွေကို ပြောချင်တာကတော့ စစ်တပ်၊ ရဲ ကထွက်ပြေးခဲ့ရင် တော်လှန်ရေးဘက်က အသင့်ကြိုနေကြပါတယ်။” လို့ ပြောပါတယ်။
ရဲသင်တန်းကျောင်းအတွင်းမှာ ဖမ်းဆီးခံရပြီး သင်တန်းတက်နေရသူတွေများစွာ ရှိနေပြီး ရိုက်နှက်နှိပ်စက်တာတွေကလည်း အလွန်အကျွံဖြစ်နေတယ်လို့ သူတွေ့ကြုံခဲ့ရတာတွေကို ပြောဆိုထားပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay