G-12 ကျောင်းသားတဦးကို ဖောက်ခွဲသံသယနဲ့ သေဒဏ်ပုဒ်မတွေတပ်ပြီး ပေါင်းတည်ထောင်ကိုပို

အောက်တိုဘာ ၅၊ ၂၀၂၅။
 
အသက် ၁၉ နှစ်မပြည့်သေးတဲ့ Grade-12 ကျောင်းသားတဦးကို ပြင်းထန်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အချုပ်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ် က ဒို့ပြည် ကိုပြောပါတယ်။
 
သဲကုန်းမြို့နယ်၊ ရုံးပင်တက်ရွာက Grade-12 ကျောင်းသား မောင်ဟိန်းဝေဖြိုး ကို ဗုံးထောင်မှုသံသယနဲ့ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး သေဒဏ်ထိချလို့ရတဲ့ပြင်းထန်တဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀ က၊ ၅၄ တို့နဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။
 
အဲဒီအမှုကိုတော့ အောက်တိုဘာ ၃ ရက်နေ့က နတ္တလင်းခရိုင်တရားရုံးမှာ စွဲချက်တင်ပြီး အဲဒီနေ့မှာပဲ ပေါင်းတည်ထောင်အချုပ်ကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။
 
“ကလေးကအဖမ်းခံရတာ နှစ်လလောက်ပဲ ရှိသေးတယ်။ သဲကုန်းအချုပ်ကနေ နတ္တလင်းတရားရုံးမှာ ပြင်းထန်တဲ့ပုဒ်မတွေ တပ်တာ။ ရဲကတရားစွဲတာ။ ထောင်ကတော့ကျမှာပဲ သက်ညှာတဲ့ပုဒ်မတွေပဲ ဖြစ်စေချင်တယ်။ ကျောင်းသားကလေးပဲရှိသေးတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ် ကပြောပါတယ်။
 
မောင်ဟိန်းဝေဖြိုး နဲ့ တရက်တည်းမှာပဲ အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ) အမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုစိုးဇော်နိုင်၊ ဦးဝင်းဇော် တိုကို့လည်း ပေါင်းတည်အချုပ်ထောင် ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
“နိုင်ကျဉ်းအချုပ်တွေကို တခြားပြစ်မှုတွေနဲ့ ထားလို့ ကလေးအတွက် စိတ်ပူမိပါတယ်။ ၅၄ ပြုတ်ဖို့ကိုလည်း ဆုတောင်းပေးပါတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကလည်း ဒို့ပြည် ကိုပြောပါတယ်။
 
ပေါင်းတည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား ၁၀၀ ခန့်ရှိနေပြီး ထောင်ဝင်စာပို့တာ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုခိုင်းစေတာ နဲ့ နိုင်ကျဉ်းတွေအပေါ်မှာ ထောင်ဝန်ထမ်းအချို့က ဖိနှိပ်မှုတွေ လည်းရှိနေပြီး လာဘ်စားမှုမှာ ပေါင်းတည်ထောင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သိရပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ အာဏသိမ်းမှုကိုနည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ လူငယ်တွေကို အကြမ်းဖက်ပုဒ်မ ၅၀(က) နဲ့ ၅၄ ပုဒ်မတွေတပ်ပြီး သေဒဏ်အမိန့်ချမှတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these