ပန်းတောင်းနယ် မသုန်ကာကင်းကို သိမ်းပိုက်ပြီး ကပစ စက်ရုံတွေအနား AA ရောက်လာ

အောက်တိုဘာ ၁၆၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမအခြေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ မသုန်ကာကင်းစခန်း (၆၆၆) ပွိုင့်ကုန်းကို အာရက္ခတပ်တော်-AA က တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ (၁၄) ရက်နေ့ နံနက် (၉) နာရီမှာ သုံးဖက်သုံးတန်ကနေ ထိုးစစ်အရှိန်ကို မြှင့်ကာ (၃) နာရီကျော်ကြာ တိုက်ခိုက်မှုအပြီး သိမ်းပိုက်လိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီပွိုင့်ကုန်း ဟာ ပုဂံကွဲ ရွာ တောင်ဘက် (၆) မိုင်ခန့် မှာရှိပြီး အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြာမြင့်နေပြီးနောက် ယခုလို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
 
“၁၄ ရက်နေ့ မနက်က ၂၆ မိုင်ကနေ ဒုံးအလုံးသုံးဆယ်လောက်ကို အတွဲလိုက်ပဲပစ်တာ။ ပစ်တဲ့နေရာက တိုက်ပွဲဖြစ်တဲ့ မသုန်အနောက်သစ်တောထဲကို စစ်တပ်ဘက်က တပ်သားတွေ ဆေးပိုက်တန်းလန်းနဲ့ ပြန်သယ်လာတာတွေ့တယ်” လို့ ဒို့ပြည်ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
 
အဲဒီပွိုင့်ကုန်းဟာ စစ်ကော်မရှင်တပ်အတွက် အရေးပါတဲ့ ယမ်းချက်လုပ်နေကြတဲ့ ကပစ(၁၆) နဲ့ အနီးဆုံးမှာရှိပြီး၊ အဲဒီစက်ရုံပြီးရင်တော့ ကပစ(၅) ကမြိုင် တို့ ဖြစ်ကာ ကပစ(၅) နဲ့ ၄ မိုင်အကွာမှာတော့ ပုသိမ်-မုံရွာလမ်းမကြီး တည်ရှိနေတာပါ။
 
“အမှန်က မသုန်ကပစ၁၆ ကာကင်း ကပစဘဲ တခြားလူမရှိဘူး။ တကယ်တော့မလှမ်းဘူးဗျ။ မသုန်ချောင်းကနေ ဘယ်လောက်မှမသွားရဘူး။ စက်ရုံကင်းရှည်ပါပဲ စခန်းကြီးတာတခုဘဲနယ်ခြားက တမနက်ခရီးမရှိတရှိ။ မနက်ဝေလီဝေလင်း ရွာကထွက်ရင် ၁၀ နာရီလောက်ရောက်တယ် အပြန်ပိုမြန်တယ်” လို့ ဒေသခံ ကပစဝန်ထမ်းအရာရှိဟောင်းတဦး က ဒို့ပြည် ကိုပြောပါတယ်။
 
တိုက်ပွဲအပြီး အောက်တိုဘာ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး၊ ကင်းထောက်လေယာဉ်တွေပျံသန်း မှုတွေ ဆက်တိုက်ပြုလုပ်နေသလို ဥသျှစ်ပင်မြို့နဲ့ တပ်စခန်းတွေမှာ အင်တားတိုးချဲ့တာ အချိန်းအပြောင်းပြုလုပ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက လည်း ဒို့ပြည် ကိုပြောပါတယ်။
 
ပွိုင့် (၆၆၆) စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သလို ထိုးစစ်မှာ တိုက်ရည်ခိုက်ရည်ကောင်းမွန်တဲ့အာရက္ခစစ်သည်တော်တွေနဲ့ အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
 
လက်ရှိမှာတော့ အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် စစ်ကောင်စီရဲံ ထိုးစစ်တွေကို အာရက္ခတပ်တော်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူ တန်ပြန်ထိုးစစ်တွေကိုလည်း ဟန်ချက်ညီဆင်နွှဲလျက်ရှိ တယ်လို့ AA က ပြောဆိုထားပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these