ပြည်ကမ်းနားမှာ ပေါ်တာဆွဲဲနေတဲ့ ၉၅၉ စစ်သားနဲ့ ပစအဖွဲ့ကို စုဆောင်းရေးဗိုလ်ကြီးနဲ့ အဖွဲ့က လူမှားပြန်ဖမ်းကာ ဝိုင်းရိုက်

အောက်တိုဘာ ၁၈၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး စစ်သားအချင်းအချင်း ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
အောက်တိုဘာလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့်က ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) က စစ်သားနဲ့ ပြည်သူ့စစ်စုစုပေါင်း (၄) ဦးဟာ ကမ်းနားလမ်းမှာ ထိုင်နေတဲ့ လူငယ်(၃) ဦးကို စစ်မှုထမ်းတပ်သားသစ် ပေါ်တာဆွဲဖို့ ချုပ်နှောင်ဖမ်းဆီးနေချိန် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဆူညံမှုဖြစ်ပွားခဲ့ပါတယ်။
 
“အရန်မီးသတ် တယောက်နဲ့ အပြင် ၂ ယောက်ပေါ့။ ကောင်လေးတယောက်က ထွေအုပ်နဲ့အသိ။ အဲဒါကို ပစနဲ့ ၉၅၉က တယောက်က ဖမ်းတာမှာ ကောင်လေးတွေက မီးသတ်ပါ ထွေအုပ်အသိပါဆိုပြီး ဖုန်းဆက်ကြတော့ ဆူဆူညံညံတွေဖြစ်နေတာပေါ့ အဲဒါကို အနားမှာရှိတဲ့ စုဆောင်းရေးတပ်ကစစ်ဗိုလ်ရယ်စစ်သားတွေနဲ့ အမျိုးသမီးတယောက်ထွက်လာပြီး သူတို့အထဲကိုခေါ် ဒူးထောက်ထိုင်ခိုင်းထားပြီးပစ နဲ့ ၉၅၉ တပ်က သူတွေကို အဓိက ရိုက်တာ” လို့ မြို့ခံတဦးက ဒို့ပြည် ကို ပြောပါတယ်။
 
ခဏအကြာမှာတော့ မီးသတ်တာဝန်ရှိသူ၊ အုပ်ချုပ်ရေးနဲ့ ဗိုလ်မှူးတွေ ကားတွေနဲ့ ရောက်ရှိလာကာ စကားများမှုတွေဖြစ်ပွားခဲ့တယ်လို့ ဆက်ပြောပါတယ်။
 
“အရပ်ဝတ်နဲ့ လူသွားဆွဲတာ စုဆောင်းရေးကလူမှားပြီးဖမ်းတာ ဟိုထဲရောက်တော့ ငါတို့ကစစ်သားတွေဆိုတော့ အရပ်ဝတ်နဲ့ဆိုတော့ မယုံဘူးထင်ပါတယ်။ ထိုးတာကျိတ်တာပေါ့။ ကိုကတုံးဆိုတဲ့ တပ်သားကို ထိုးကြိတ်ထားတာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ မြို့ခံသတင်းရင်းမြစ် က ဒို့ပြည် ကို ပြောပါတယ်။
 
ပြည်မြို့မှာ စစ်တပ်၊ ပြည်သူ့စစ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ အရပ်ဝတ်တွေနဲ့ လှည့်လည်ကာ နေ့ည အချိန်မရွေးနေရာမရွေး မှာ စစ်မှုထမ်းတပ်သားသစ်ရရှိရေးအတွက် ပေါ်တာဆွဲတာတွေကို ပြုလုပ်နေကြပြီး အချင်းချင်းမှားယွင်းဖမ်းမိတာ သူတို့မိသားစုအမျိုးတွေကို မသိဘဲ ဖမ်းဆီးမိတာတွေလည်း ဖြစ်ပွားနေလို့ လိုက်လံဖြေရှင်း ထုတ်ယူနေရတာတွေ ဖြစ်ပွားနေပါတယ်။
 
ဓါတ်ပုံ-စစ်သားစုဆောင်းရေးတခုမှာ တပ်သားသစ်တွေကို စစ်ဆေးနေစဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these