(ရသစာတမ်း)
အောက်တိုဘာ ၂၃၊ ၂၀၂၅။
“တစ်ချိန်က ပွဲတန်ဆောင်တိုင် ညတစ်ည
ကျွန်တော်ငိုတော့ အဖေရှာနေတာ ကစားစရာ
လိုချင်တာ ဘုရားစောင်းတန်းကဂစ်တာ…။
သီချင်းသံလေးနားထဲအရောက် အတောင်ပေါက်လာသလို ကိုယ့်စိတ်က ကလေးဘဝက ဘုရားပွဲစျေးတန်းများဆီလူးလာခေါက်တုန့်။
ကလေးဘဝ ပွဲတော်ညထဲ အမေ့လက်ကိုဆွဲကိုင်ရင်း ကိုယ်အမြဲလိုလိုပူဆာဖြစ်ခဲ့တဲ့ပစ္စည်းလေးက ဒိုးပတ်။ ပွဲတော်စျေးတန်းအချို့တွေထဲက အောင်လံမြို့က ဓမ္မာရုံဘုရားနတ်လမ်းဆင်းပွဲကြည့်ခဲ့ရတာ အခုထိမေ့မရ။ မကွေးမြသလွန်ဘုရားပွဲတော်လည်းသတိတရ။
အသက် ၁၀ နှစ်ကျော်လာမှလည်ပတ်ဖြစ်တဲ့ ပွဲတော်ကတော့ ပြည်တန်ဆောင်တိုင်။ မှတ်မှတ်ရရ ပြည်တန်ဆောင်တိုင်က ၃ နှစ်တစ်ကြိမ်ဆိုသလိုတအားစည်တဲ့အစဥ်အလာရှိတယ်။ ရွှေဆံတော်စေတီတော်မှာ ကိန်းဝပ်တော်မူတဲ့ မြတ်စွယ်တော်ပူဇော်ပွဲက ၃နှစ် တစ်ကြိမ် မြို့တွင်းလှည့်လည်ပူဇော်ပွဲ ရှိတယ်လေ။
ငယ်ငယ်ကကြုံဖူးလည်ပတ်ဖူးစဥ်ကတော့ အခု အဝေးပြေးကားဂိတ်ဝန်းကြီးလည်းမရှိသေး။ အခု အဝေးပြေးလမ်းမကြီးလည်း မရှိသေးဘူးပေါ့။
ကလေးဘဝ စွယ်တော်လှည့်လည်အပူဇော်ခံရာမှာ လိုက်ပါဖျော်ဖြေကြတဲ့ယိမ်းကားတွေကို ငေးရင်းလျှောက်လိုက်သွား မိတာပါပဲ။ အဲဒီတုန်းက နာမည်ကြီးယိမ်းကားဟေ့ဆိုရင် ဆည်မြောင်းယိမ်းကားနဲ့ ကျောင်းကြီးအိုးတန်းယိမ်းကားလို့ ပြောရမလားပါပဲ။ ဆည်မြောင်းယိမ်းကားဆိုရင် ကိုယ်အကြိုက်ဆုံးက “ပျူအက”။ ကျောင်းကြီးအိုးတန်းယိမ်းကားကတော့ တရုတ်ရိုးရာနဲ့ နာမည်ကြီးမင်းသားမင်းသမီး ပေါ့လေ။
နောက်ပိုင်း လူငယ်အရွယ်ရောက်လာတော့ ပြည်တန်ဆောင်တိုင်ဆိုရင်စက်ဘီးနဲ့သွားကြတာပါပဲ။ အဲဒီခေတ်က စက်ဘီးခေတ်။
ဘုရားပွဲဈေးတန်းအနားနီးလာတာနဲ့ ပြည်တန်ဆောင်တိုင်ရနံ့လေးတန်းရတော့တာပဲလေ။ ဘာရနံ့လည်းဆိုတော့ “ရေမုန့်”ကြော်ရနံ့။ ဟုတ်တယ် အဲဒီတုန်းက ပြည်တန်ဆောင်တိုင် သင်္ကေတဆိုရင် ရေမုန့်နဲ့ ကောက်ညှင်းကျည်တောက် ပါပဲ။
လူငယ်ဘဝ ပွဲတော်ထဲတစ်ပတ်ပတ်။ အ.ထ.က ၁ ကျောင်းဘက်ကိုသွားတဲ့ရွှေဆံတော်ဘုရားမြောက်ဘက် မုခ်တန်းပွဲတော်လမ်းမှာ ရန်ကုန်-ပြည်ရထားလမ်းဖြတ်တစ်ခုရှိတယ်။ အဲဒီနေရာဟာ ပွဲစျေးတန်းအကြပ်ဆုံးနေရာပဲ။
လူလတ်ပိုင်းရောက်လာတော့ ပွဲတော်ထဲသွား ရွှေဆံတော်ဘုရားနာရီစင်နားက အောင်တော်မူ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ပွဲတော်လာလူအုပ်ကိုထိုင်ငေးရတာကိုအရသာတစ်မျိုးလို သဘောထားလာမိတယ်။
အဲဒီခေတ်က ဇာတ်ပွဲတွေက မန္တလေးသိန်းဇော်၊ နန်းဝင်း၊ မိုးဝင်း၊ မြို့တော်ချစ်ဖွယ်တို့ပေါ့။ ဇာတ်တွေက ကန်လယ်ရွှေဟင်္သာတို့ ယဥ်ကျေးမှုရုံတို့မှာဝင်ကြတာပေါ့။အောင်စည်တော်ဒုတ်ထိုးရုပ်ကတော့ နှစ်စဥ်မပါမဖြစ်။
အခုတော့ ပြည်တန်ဆောင်တိုင်ပွဲတော်ဆီမရောက်ဖြစ်၊ ရောက်ဖြစ်ပြန်တော့လည်း အရင်လို ပွဲတော်နဲ့စိတ်က ထပ်တူမကျတော့။
အခုဆို ပြည်တန်ဆောင်တိုင်ပွဲတော်ရက် တွေနီးပြန်ရောပေါ့။ ဒီကနေ့လူငယ်တွေ ကိုယ်တို့လူငယ် ဘဝလို လွတ်လပ်ပေါ့ပါးစွာ ပွဲတော်ဆီရောက်ဖို့ မလွယ်နိူင်တော့။ နိူင်ငံရပ်ခြားထွက်ခွါသွားသူ လူငယ်တွေ၊ ပြည်တွင်းမှာပဲ အိမ်တွင်းပုန်းဘဝရောက်နေကြသူ လူငယ်တွေ။
ကိုယ့်စိတ်က အတိတ်ရက်စွဲထဲကပွဲတော်တွေဆီလျှောက်သွားနေမိရင်း နားထောင်လက်စသီချင်းဆီ ပြန်ရောက်လာမိ။
” ဖြတ်သန်း ဘဝရေဆန်လမ်းမှာ
ဂီတနိဗ္ဗန်ဘုံလိုက်ရှာ
အဖေ…ကျွန်တော်အိမ်ပြန်ချိန်နောက်ကျ…..။
ယုံကြည်ခဲ့သောတရား အချိန် နေရာလွဲမှား
ပြင်ဆင်ခွင့်မရရှိတော့သူပါ
လိုချင်ခဲ့သော ဘဝမရခင် လွင်ပြင် ကျယ်ကြီးခြား
အဖေ..ကျွန်တော် ဂစ်တာသံကြားလား……..။
ခါလွန်အတွေးများထဲက ကျွန်
တော်မပြောဖြစ်ခဲ့တဲ့စကားများ
အဖေကြားပါ
ဘဝရဲ့ပြတိုက်တစ်ခုအတွက်
ကျွန်တော်ထုဆစ်သွားမယ့်အိပ်မက်များ
အရောင်တွေစွန်းထင်း
နှလုံးသား တခါပြန်ရိုးသားတတ်ဖို့ တရားများသင်ကြားပါ
အနာဂတ်လမ်းများထဲသို့ရှေ့ဆက်ဖို့အားများ အဖေပေးလှည့်ပါ……..။
သီချင်းလေးပြီးသွားမှ ကိုယ့်ပွဲတော်ပြန် ဒိုးပတ်ကလေးကို အဖေက စနစ်တကျတီးပြတာတွေကို လှိုက်ကနဲသတိရနေမိပြန်ပါရဲ့။ အဲဒီခေတ် ကလေးကစားစရာ ဒိုးပတ်ကလေးတွေက အမှန်အကန် သားရေကြိုးကလေးတွေနဲ့ လုပ်ထားကြတာ။ အခုကာလလို နိူင်လွန်ကြိုးတွေနဲ့ အလွယ်လုပ်ထားကြတာ မဟုတ်ဘူးလေ။
ဪ ပွဲတော်များ။ ကိုယ့်ရဲ့ကလေးဘဝ၊ လူငယ်၊ လူလတ်ဘဝ ဖြတ်သန်းပျော်ဝင်ခဲ့ဖူးတဲ့ ပြည်တန်ဆောင်တိုင်။ အခုထိတိုင်လည်းပွဲတော်ဈေးတန်းတွေထဲ ရောက်ရင်၊ ဒိုးပတ်ကလေးတွေကို ငေးနေမိတုန်းပါပဲလေ။
ဒိုးပတ်ကလေးကို”ပုံပုံ” နဲ့ စမ်းပြသံကြားရင် အမေ့လက်ကိုတင်းကနဲဆွဲပြီး ပူဆာခဲ့ရတာအခုထိ မေ့မရသေးပါလေ။
ကိုးကားသီချင်း-
တေးရေး/ဆို ဖိုးခေါင်၏ ၁၇၉ မိုင်တေးစီးရီးမှ ဂစ်တာငိုသံ
ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay