အောက်တိုဘာ ၂၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးရွာထဲကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတဦး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတော ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်တပ်ဟာ အနောက်တောင်ဘက်မှာ ရှိတဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်ကို
ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်ကစတင်ကာ နံနက် ၁၁ နာရီကျော်ခန့်အထိလက်နက်ကြီး အချက်ပေါင်း(၂၀) ခန့် ပစ်ခတ်ခဲ့တာမှာ ထိမှန်ခဲ့တာလို့ ဒေသခံဆီက သိရပါတယ်။
“လက်နက်ကြီးကျည်တွေက စမ်းမကြီးရွာထဲကိုလည်း ကျတယ်။ ရွာအနီးနားကိုလည်း ကျတယ်။ တချို့ကပြေးကြတယ်။ တချို့ကြ ဗုံးခိုကျင်းထဲဝင်နေကြတယ်။ ထိသွားတဲ့သူကတော့ တောထဲကပြန်လာပြီး ခြေထောက်ဆေးနေချိန်မှာ ထိသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ပစ်ခတ်တဲ့ကျည်တွေဟာ မြောက်ရွှေလောင်းရွာ နဲ့ စမ်းမကျည်းရွာတို့ကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
“ခန့်မှန်း ၂၀ ကျော်လောက်ကို ပစ်တာ။ တလုံးကတော့ အခုသေဆုံးသူအမျိုးသမီးအိမ်ရှေ့ကို ကျတာ ကျည်အစနှစ်စ က ခြေထောက်ကို ထိတာမှာ သွေးထွက်လွန်ပြီး ဆုံးသွားတယ်” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ် က ပြောပါတယ်။
သေဆုံးသူအမျိုးသမီးမှာ အသက်(၄၅) နှစ်အရွယ် ဒေါ်နွဲ့ကြည် ဖြစ်ပြီး သူ့မှာ ၁၁ နှစ်အရွယ် သမီး ၁ ဦးနဲ့ ၇ နှစ်အရွယ် သားတဦး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အိမ်တချို့လည်း ဗုံးစထိမှန်ကာ တိုင်တွေ ပျက်စီးတာ၊ အမိုးအကာ ထိမှန် ပျက်စီးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ အသက်ကြီးပိုင်း ဆွေမျိုးရှိသူ ငွေကြေးပြည့်စုံသူတွေကတော့ ရွာကနေ ရှောင်တိမ်းနေကြတာမျိုးရှိပေမဲ့ ကျွဲနွား တိရိစ္ဆာန်ကျန်နေသူ၊ ပဲနှုတ်ချိန် စိုက်ပျိုးရေးလုပ်ဖို့ကျန်သူတွေက ဆက်လက်နေနေကြပြီး ကျောင်းတွေကိုတော့ ပိတ်ထားကြတယ် လို့ သိရပါတယ်။
အဲဒီဒေသအနီးတဝိုက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၉ နာရီကျော်ကနေ ၁၀ နာရီဝန်းကျင်အထိ ကိုလည်း ဂျက်ဖိုက်တာ နဲ့ (၃) ကြိမ် ဗုံးအလုံးပေါင်း (၈) လုံး လာရောက်ကြဲခဲ့ပြီး ဒေသခံထိခိုက်မှုတော့ မရှိဘူး လို့ သိရပါတယ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay