ပေါ်တာဆွဲ နယ်ကျော်ရောင်းစားနေတဲ့ ပြည်မြို့က ပျူစောထီး ရာဇာကြီးနဲ့ မိုးကျော် တို့အဖွဲ့ကို စစ်တပ်ကဖမ်းဆီးစစ်ဆေး

 
အောက်တိုဘာ ၂၄၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ နဝင်းကွက်သစ်(၁၄) လမ်းက နာမည်ကြီး ပျူစောထီး အဖွဲ့ ကို စစ်တပ်က ပြန်လည် ဖမ်းဆီးပြီး အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) ထဲမှာ စစ်ဆေးနေတယ်လို့ ဒို့ပြည် ရဲ့ ရင်းမြစ်တွေက ပြောပါတယ်။
 
အောက်တိုဘာ ၂၃ ရက် ယမန်နေ့ ညနေက ပျူစောထီးတွေဖြစ်တဲ့ ရာဇာကြီး နဲ့ မိုးကျော် တို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ရာဇာကြီး ကို အရင်ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။
 
“မနေ့ကညနေအဖမ်းခံရတာပါ။ ရဲ နဲ့ စစ်သားတွေလာဖမ်းတာ။ ရာဇာကြီးကို အရင်မိတာ။ မိုးကျော်က ထွက်ပြေးသေးတယ်။ ပြီးမှ မိတာ ဘယ်မှာမိတယ်ဆိုတာကိုတော့ မသိသေးဘူး။” လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ် က ပြောပါတယ်။
 
သူတို့အဖွဲ့ဟာ နာမည်ကြီးပျူစောထီးအေးမင်းတို့ အဖွဲ့နဲ့ အတူတူ ပေါ်တာဆွဲနေကြသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
ရာဇာကြီးနဲ့ မိုးကျော်တို့ ကားပေါ်မှာ ပျူစောထီးနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိတဲ့အတွက် သံသယဖြစ်ပြီး ဖမ်းဆီးတာလည်း ဖြစ်နိုင်တယ်လို့ မြို့ခံက ဆိုပေမဲ့ ဒီအချက်ကိုတော့ ဒို့ပြည် က အတည်မပြုနိုင်သေးပါဘူး။
 
“သူတို့ချင်းအဝေမတည့်လို့အဖမ်းခံရတာလား နောက်တခုက ရာဇာကြီးတို့အဖွဲ့ ဘယ်လိုပုံစံမျိုးလုပ်နေလည်း ဆိုတော့ ပြည်မြို့နယ်က ပေါ်တာဆွဲပြီး သဲကုန်းတို့ ရွှေတောင်တို့ကို ပြန်ရောင်းစားတာရှိတယ်။ အဲလိုဂွင်ကျော်လို့ ဖမ်းထားတာလား မသိဘူး။ ပြည်မြို့မှာလည်း ရောင်းတယ် တခြား ပျူတွေချိတ်ပြီးရောင်းစားတာလည်း ရှိတယ်” လို့ ဒို့ပြည် ရဲ့ သတင်းရင်းမြစ် က ပြောပါတယ်။
 
ရာဇာကြီးနဲ့ မိုးကျော်တို့အဖွဲ့ဟာ နဝင်းကွက်သစ် ဘက်မှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပျူစောထီးအဖွဲ့တွေဟာ စစ်သားတွေနဲ့ ပူးပေါင်းပြီး အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးကာစစ်မှုထမ်းဖမ်းဆီးရမိသူတွေကို ၉၅၉ တပ်ထဲကို ပို့သလို တခြားမြို့တွေကို ရောင်းစားနေတာတွေလည်း ရှိနေပြီး စစ်မှုထမ်းတပ်သားသစ်တဦးကို သိန်း ၈၀ နဲ့ ၁၀၀ ကြားမှာ ပေါက်စျေးရှိကာ အစားထိုးထည့်ဖို့အတွက် ကျေးရွာတွေကနေ ငွေစုပြီး ပျူစောထီးနဲ့ ပွဲစားတွေကတဆင့် အုပ်ချုပ်ရေးမှူး နယ်မြေခံစစ်တပ်အဖွဲ့တွေပေါင်းပြီး အရောင်းအဝယ် လုပ်နေတာလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့်ကလည်း ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) က စစ်သားနဲ့ ပြည်သူ့စစ်စုစုပေါင်း (၄) ဦးဟာ ကမ်းနားလမ်းမှာ ထိုင်နေတဲ့ လူငယ်(၃) ဦးကို စစ်မှုထမ်းတပ်သားသစ် ပေါ်တာဆွဲဖို့ ချုပ်နှောင်ဖမ်းဆီးနေချိန် အနားမှာရှိနေကြတဲ့ စစ်သားစုဆောင်းရေးက ဗိုလ်တဦးနဲ့ အဖွဲ့က လူမှားဖမ်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ပါသေးတယ်။
 
ပုံစာ- ပြည်-အောင်လံ ကားလမ်း သံလမ်းဂိတ် မှာရှိတဲ့ အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) ရဲ့ ဝင်ပေါက်တနေရာ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 

You may also like these