ပေါက်ခေါင်းမြို့စီမံအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ပျူစောထီး တို့ အပြိုင်အဆိုင် လူဖမ်းငွေညှစ်နေပြီး မိုက်ရိုင်းမှုကမ်းကုန်ဖြစ်နေ

အောက်တိုဘာ ၂၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦး နဲ့ စီမံဗိုလ်မှူးတိုးနိုင်ထွန်း၊ ဒုဦးစီးသီဟဆွေ၊ စာရေးကံထူး တို့ဟာ မြို့ခံတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်ညှင်းပမ်း ငွေတောင်းခံမှုတွေကို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဒီသူတွေဟာ စစ်တပ်အားကိုးနဲ့ ပျူစောထီးတွေကိုပူးပေါင်းခိုင်းစေပြီး အိမ်တံခါးရိုက်ဖွင့် ဧည့်စာရင်းစစ်တာ၊ စစ်မှုထမ်းဖမ်းဆီးပြီး ငွေညှစ်တာ၊ စစ်မှုထမ်းဖို့အတွက် အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်နေသူတွေကိုလည်း တမင်ဖမ်းဆီးကာ ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။

“စစ်-အားကိုးနဲ့အနိုင်ကျင့်တာကို ကျတော်တို့ပေါက်ခေါင်းသားတွေ အလူးအလဲခံနေရပါတယ်။ စစ်- ပျူစောထီးတွေရဲ့ ရမ်းကား မိုက်ရိုင်းချက်ကကမ်းကုန်ပါပဲ။ နေ့တွေမှာလဲ ဖမ်းနည်းမျိုးစုံနဲ့ ခွေးဆွဲသလိုတွေ့ရာနေရာ ဘုန်းကြီးကျောင်းပါမကျန်လိုက်ဆွဲပြီး ဖမ်းပါတယ်။ ညဆိုရင်လဲတံခါးတွေရိုက်ဖွင့် စိတ်မထင်ရင်ရိုက်နှက်ပြီးကို ဖမ်းတာပါ။ မပြေးရဲဘူး.. ပြေးရင်ပစ်မယ်အော်ပါတယ်။ ပေါက်ခေါင်းနေရာတိုင်းပြည်သူ့စစ်ဖမ်းပြီးငွေညှစ်တာစုံနေတာပါပဲ။” လို့ မြို့ခံတဦးက ဒို့ပြည် ကိုပြောပါတယ်။

စစ်မှုထမ်းဖမ်းဆီးငွေညှစ်ရာမှာ ထွေအုပ်ကြေး သိန်း(၅၀) ကို သီဟဆွေ ထံပေးရပြီး၊ နောက်တိုး စစ်တပ်အတွက် သိန်း(၅၀) ကိုတော့ ပျူစောထီးခေါင်းဆောင် နေကျောက်ခဲ ကို ပေးဆောင်ရတယ်လို့ သိရပါတယ်။

“ပိုပိုဆိုးလာတာကတော့ ကံထူး(ဝက်တိုးရွာသား) သူနဲ့ ဆွေမကင်းမျိုးမကင်း စစ်-ဟိန်းစိုးမိုးဆို သူနဲ့ပေါင်း မြို့ထဲမှောင်ခိုလုပ်ငန်းအကုန် အောင်နိုင်သူဦး အတွက် စံမံဗိုလ်မှုးအတွက် ကြေးတွေအပြိုင်ကောက်ကြ လူတွေဖမ်းခိုင်းပြီး စစ်တပ် ထွေအုပ်၂ ဖက်ပွဲစားပေါ့။ ဖမ်းပါတယ် အခုဆိုရင်အသက် ၃၅ ကျော်ရုံမက ၄၀ ကျော် လဲဖမ်းပါတယ်။ ပြန်ထွက်ချင်ရင်သူတို့တွေနဲ့ညှိရပါတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒို့ပြည် ရဲ့ ဒေသတွင်း စစ်ရေးရင်းမြစ်ကို မေးမြန်းရာမှာလည်း ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

ဒါ့အပြင် စစ်တပ်လက်အောက်ခံတပ်ဖွဲ့တွေက ပေါက်ခေါင်းမှာ လာရောက်တပ်စွဲပြီး ဂိတ်ထိုင် ပိုက်ဆံတောင်းတတ်သလို စစ်မှုထမ်းဖမ်းဆီးခံရမှုမှာ အဆိုးဆုံးမြို့ဖြစ်နေတယ် လို့ မြို့ခံတွေက ပြောပါတယ်။

ပျူစောထီးတွေဟာ အိမ်စီးကားတွေနဲ့ လမ်းဆုံတွေမှာ စောင့်ဖမ်းတတ်သလို ကျေးရွာချင်းဆက်လမ်းတွေမှာ ဖမ်းတတ်ပြီး လောင်းကစားဝိုင်းတွေကိုလည်း ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these