ပေါင်းတည် ဝဲကြီးစစ်ဆေးရေးဂိတ် မိုင်းဆွဲခံရပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၃၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်လှေဆိပ်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၂) ရဲဘော်တွေက ရှေ့ထွက်မိုင်းခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂိတ်မှာရှိတဲ့ စစ်ကော်မရှင်တပ်သားတွေ ထဲက ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“စကမသေဆုံးတာကတော့ မှတ်တိုင်ဘက်ကို သယ်သွားတယ်။ ဒိုင်နာကားနဲ့ သေသွားတာပါ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ဒို့ပြည် ကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရှေ့ထွက်မိုင်းကို စစ်ရေးဂိတ်လှေအာက်မှာ ထားကာ ဖောက်ခွဲခဲ့တဲ့အတွက် ပေါက်ကွဲချိန်မှာ သစ်သားအပိုင်းအစများ ထိမှန်ကာ ပြည်သူ (၄) ဦးလည်း ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

“ကျားနှစ်ဦးမနှစ်ဦးပါ အပေါ့စားဒဏ်ရာ လက်တို့ခြေထောက်တို့ ထိသွားတာပါ။ ဘယ်ဆေးရုံမှ မပို့ရပါဘူး” လို့ ရဲဘော်Shadow က ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူများရှင်းလင်းချိန်ကို စောင်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ပေမဲ့ မထင်မှတ်ဘဲ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတဲ့အတွက် လွန်စွာဝမ်းနည်းစိတ််မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

“လက်ရှိမြေပြင်အခြေအနေကတော့ ဒီကောင်တွေ ဂိတ်မှာမရှိတော့ဘူး။ ရှင်းလင်းဆောင်မှာပဲထိုင်နေတယ်။ ရှင်းလင်းဆောင်ကတော့ ဆည်ဘောင်အမြင့်ကြီးမှာရှိတာ လှေဆိပ်ကတော့ အောက်ဖက်မှာ ရှိတယ်။” လို့ ရဲဘော်Shadow က ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ၂၀၂၂ ခုနှစ်ကတည်း လှေဆိပ်မှာ။ လာရောက်တပ်စွဲခဲ့ကာ လှေတွေ၊ ခရီးသွားတွေနဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတာဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၄ ဦးခန့်နေတတ်ပြီး သွပ်မိုးသစ်ကာ အဆောက်အဦးဖြစ်တယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these