“ရွေးကောက်ပွဲတွေနဲ့ ဂျင်နရယ်ကျော်ကြီးရဲ့ နိုင်ငံရေး”

(ဆောင်းပါး)

နိုဝင်ဘာ ၅၊ ၂၀၂၅။

စစ်အုပ်ချုပ် ရေး ကြေညာခံထားရတဲ့မြို့နယ်များထဲမှာကျ ‌နော်တို့မြို့နယ်လည်းအပါအဝင်ပါ။ မြို့ထဲမှာလှုပ်ရှားမှုမရှိ‌ပေမယ့်၊ မြို့နဲ့ ၄မိုင် ကျော် ၅မိုင် လောက်ကစလို့၊ ဟိုးအ‌ရှေ့ဖက် ပဲခူးရိုးမအထိဒေသတွင်းကျေးရွာများမှာတော့၊ မကြာခနတိုက်ပွဲ တွေဖြစ်နေပါတယ်။ ကြံ့ဖွတ်အပါအဝင်နိုင်ငံ‌ရေးပါတီ တွေလည်းဘာမှမလှုပ်ရှားကြပါဘူး။

အဲ……အခုတလောတော့၊ အတိအကျဆိုရရင်တလ အတွင်းပေါ့၊ မြို့‌ပေါ်မှာ‌ ရွေးကောက်ပွဲ ရောဂါသံတချို့ကြားလာရတယ်။ ရုံးနဲ့ဘာနဲ့တခမ်းတနားရှိတဲ့ဟိုပါတီကြီး(အခုတော့သူပဲအကြီးဆုံးကိုး) ကတော့ မမောင်းပဲပစ်ထားခဲ့တဲ့ ကားအိုကားစုတ်ကြီး…အိုဗာ ဟော၊‌ ဆေးသစ်သုတ်သလို…..ခြံဝင်းတွေရှင်း၊ အမိုး အကာ တွေ ဆေးသုတ်၊ ခြုံ‌နွယ်တက်‌နေတဲ့ ပါတီဆိုင်းဘုတ်ကြီးအသစ်ပြန်လုပ်ပြန်ထူ၊‌ ရောင်စုံမီးသီး‌ တွေသွယ်၊ ပါတီအလံကြီးတလူလူ တင်၊ ဆူဆူ…ဆူဆူနဲ့အလုပ်ရှုပ်နေတာမြင်ရတယ်။

အရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက လူထုထာက်ခံမဲ ရာဂဏန်းတောင်မရခဲ့တဲ့ပါတီတချို့လည်း၊ ပါတီရုံး‌တောင်တူတူတန်တန် မဖွင့်နိုင်‌ပေမယ့် ကိုယ်စားလှယ်လောင်းတင်သံကြားရပြန်တယ်။ စိတ်ဝင်တစား တကူးတကစုံစမ်းနေလို့သိရတာတော့မဟုတ်ပါဘူး။ ကျ‌နော်တို့အတန်း‌ဖော်သူငယ်ချင်းဖြစ်တဲ့ ” ဂျင်နရယ်” တယောက်က….ရပ်ကွက်ထဲကမင်္ဂလာပွဲတခုလာရင်း၊ လမ်းကြုံလို့အိမ်ခနဝင်‌ ပြောပြသွားလို့ သိရတာပါ။

အဲ…..ဂျင်နရယ် ဆိုပေမယ့် ကျ‌မယ့်နော့်သူငယ်ချင်းက ဘယ်စစ်တပ်က စစ်ဗိုလ်မှမဟုတ်ပါဘူး။ ရှင်းပါရ‌ စေအုံး ။ ကျ‌နော်တို့ အလယ်တန်းမှာ အထွေထွေသိပ္ပံ ဆိုတာသင်ခဲ့ကြရပါတယ်။ အထက်တန်းကျ ရင်သင်ရမယ့်သိပ္ပံဘာသာရပ်များဖြစ်တဲ့၊ရူပ‌ဗေဒ၊ ဓါတုဗေဒ၊ သတ္တ‌ဗေဒ၊ ရုက္ခ‌ဗေဒ….စတဲ့ဘာသာ တွေ ရဲ့အခြေခံအချို့ကိုနည်းနည်းစီ သင်ပေးတဲ့ဘာသာပါ။ အင်္ဂလိပ်လို General Science ဂျင်နရယ်ဆိုင်းယင့် ခေါ်တာကိုး။

ကျ‌နော်တို့ ၈တန်းမှာ သူငယ်ချင်း တယောက်ရှိတယ်။ တခန်းထည်းစာသင်ရသူပါ။သူက….ကျောင်းမှာဟိုစပ်စပ် သည်စပ်စပ်အကုန်ပါတယ်။‌ ဘောလုံးသင်းမှာလည်းသူပါသလို ပိုက် ကျော်ခြင်းဆိုလည်းသူမကျန်ဘူး။‌ ကျောင်းမှာရည်းစားစာပေးလို့ ဆရာကြီးရုံးခန်း ခေါ်….ကြိမ်နဲ့အဆော်ခံရ(ဟိုးတုန်းကကျောင်းမှာအပြစ်ကြီးတခုခုလုပ်ရင်၊ဆရာကြီးကရုံးခန်းထဲ ခေါ်ပြီးကြိမ်နဲ့ရိုက်ဆုံးမ လေ့ရှိတယ်) တဲ့အခါ၊သူပါပြန်‌ရော။‌ရောဂါထတဲ့‌မောင်က…ကိုယ် တိုင်စာမပေးရဲတာကို၊ သူက ကိုယ်စားပေးပေးတာလေ။‌ ကျောင်းစာကြည့်တိုက်နံရံကပ်စာစောင်မှာ ဆိုလည်းသူ့ကာတွန်းပါတယ်။ နံရံကပ်စာ‌စောင်ကိစ္စ တွေမှာမမောမပမ်းကူညီရင်း၊ သူ့လက်ရာလည်း ထည့်ကပ်တာ‌ပေါ့။

အ‌တော်ကြာမှသိရတာက ..အရင်နှစ် တွေက ” ရှေ့သို့” စာအုပ်ဟောင်းထဲကကူးချတာတဲ့။‌ ကျောင်းကလုပ်တဲ့ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်ပွဲ‌ တွေကျပြန်တာ့၊‌ ပ‌ဒေသာပင်နားကအိုးစည်ဝိုင်းမှာ တောင်ရှည်ပုဆိုးကွက်ထောက်ကြီးနဲ့ ကနေပြန်ရော။ အဲ့လို‌နေရာတကာပါတတ်လို့၊‌ ထွေထွေရာရာလုပ်တတ်လို့၊ သူ့ကို အတန်းပိုင်ဆရာကကို အမည်ပေးထားတာ ” ဂျင်နရယ်” တဲ့။‌ သူကဉာဏ်‌တော့‌ခေသူမဟုတ်ဘူး။ အ‌ထွေထွေသိပ္ပံ ခေါ် ဂျင်နရယ်ဆိုင်းယင့်ဘာသာမှာဆို ရမှတ်တွေကထိပ်။

နေရာတကာ ကျယ်ကျယ်…ကျယ်ကျယ်နဲ့ ပြောတတ်ဆိုတတ်လို့ “ကျယ်ကြီး” လို့လည်းခေါ်ကြသေး။ အားလုံးက သူ့ကို…”.ဂျင်နရယ် ” ခေါ် ခေါ်၊ “ကျယ်ကြီး” ခေါ်ခေါ်၊ ” “ဂျင်နရယ်ကျယ်ကြီး” ခေါ်ခေါ်၊ သူက‌တော့ပြုံးပြုံးကြီး။ ကြီးတဲ့အထိမျက်နှာ‌ပြောင်ပါ့၊အခုထိသူ့ကို ဂျင်နရယ်လို့ပဲခေါ်သလို၊ သူကလည်း‌ ကျေကျေနပ်နပ်။

၁၀တန်း တွေဘာတွေ အောင်၊ စာ‌ပေးစာယူနဲ့ဝိဇ္ဇာဘွဲ့ တောင်ရလိုက်သေး။ ဒါ‌ပေမယ့် ဝန်ထမ်းအလုပ်မလုပ်ဘူး။ လယ်‌ဧကများပြီး‌ မွေးချင်းလည်းမများတော့၊ အ‌ မွေရတဲ့လယ်သူရင်းငှားနဲ့လုပ်ပြီး၊ သူကတော့ မရှိမရှား ခပ်ပျော်ပျော်ဘဲ။ တရားမဝင်သစ်ခွဲ၊သစ်ပွဲစားလုပ်တယ်။ ကြီး‌တော့လည်း ဂျင်ရယ်ကငယ်ငယ်ကလိုပါဘဲ။ အရပ်ထဲက အသုဘ အိမ်ဖဲဝိုင်းမှာ မိုးလင်းသလို၊ တလင်း‌ဘေးကငှက် ပျောတောရိပ်…ကက်ဝိုင်းမှာလည်း သူကမကျန်ရစ်။ ညသန်းခါင်သန်းလွှဲ….တီဗီက ကမ္ဘာ့ဘောလုံးပွဲတွေမှာသူ့အသံကြားရသလို၊ ရွာထိပ်မန်ကျည်းရိပ်ကကြက်ဝိုင်းမှာလည်း သူ့အသံညံလို့။ကံ‌ကောင်းတယ်ဆိုရမလား၊ အကင်းပါးအထာညက်တယ်ဆိုရမလား၊ ဂျင်နရယ်တ‌ယောက်ခွက်ခွက်လန်ရှုံးတယ်လို့ တခါမှမကြားရ။‌ တွေ့လိုက်ရင်ထုံးစံအတိုင် ကျယ်ကျယ်…ကျယ်ကျယ်နဲ့၊ ပုဆိုးကြီးခပ်တိုတိုဝတ်လို့….မျက်နှာကပြုံးဖြဲဖြဲ…အယ်လ်ကို ဟော အရှိန်နဲ့ နီစပ်စပ်။

၂၀၁၀ ကစတဲ့ ပါတီစုံ ‌ခေတ်ကိုအရွယ် ကောင်းနဲ့ကြုံ တွေ့ဖြတ်သန်းခွင့်ရခဲ့တာကလည်း၊ ဂျင်နရယ်အတွက်ကုသိုလ်ထူးတယ်ဆိုရမလားဘဲ။ ၂၀၁၀/ ပြီးတော့ ၂၀၁၅ ပါတီစုံ ‌‌‌‌‌‌‌‌‌‌ ခေတ်…ဟိုပါတီသည်ပါတီ ဆိုင်းဘုတ်တင်ပွဲ တွေမှာ၊ ဂျင်နရယ် ပါတီစုံ အောင် တက်တယ်။‌ ကျွေးသမျှစား…သူတို့ပေးတဲ့မဲဆွယ် တီရှပ်အပေါစား တွေ….သူ့မှာအစုံရှိတယ်။ ပန်း‌ခွေချပွဲမှာပန်း ခွေဝင်ကိုင်တတ်သလို၊ ပဲပြုတ်နံပြားစား တဲ့အခမ်းအနားဆို…အိမ်က သူ့မိသားစုစားဖို့ တောင်ယူလာသေး။

၂၀၂၀ ကျတော့သူက ဒီဂရီတက်လာပြီ။ ပါတီစုံ အောင် လျှောက်သွားမနေတော့ဘူး။ သူ့လိုစရိုက်တူအချို့နဲ့ ပါတီထောင်တယ်။ ဟိုးအထက်က ငွေပေါတဲ့ပါတီကြီးတခု နဲ့အဆက်ရပြီး၊ အဲ့ပါတီရုံးကို ကိုယ့်ဆီမှာဖွင့်ဆိုင်းဘုတ်တင်ပွဲ‌လုပ်….ကြက်သားပလာတာ တောင် ကျွေးပစ်လိုက်သေး။ ပြီး‌တော့ သူက အမတ်လောင်းဝင်လုပ်၊ အ‌ရွေးခံ…..ဘာ ထောက်ခံမဲမှမယ်မယ်ရရ မရပါဘူး။ အဲ…ဒါပေမယ့် သူ့ပါတီ ဘော့စ်ကြီးက ငွေပေါတော့၊ သူတို့တသိုက် ၂လ ၃ လအတွင်း သိန်းရာဂဏန်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ လောက်သုံးလိုက်ရ ဆိုပါရဲ့။ဂျင်နရယ် တို့တသိုက်ရဲ့ ” မြတ်သောနိုင်ငံ‌ရေး” က …….. အဲ့လို။

အခု ၂၀၂၅ ရွေးကောက်ပွဲလည်း ကျ‌နော်တို့ ” ဂျင်န ရယ်” တယောက် ပါပြန်သတဲ့။ သူကတက္ကသိုလ်ဘွဲ့ရ ဆိုတော့ သူတို့အုပ်စုထဲမှာ ” ဥပဒေ” အရကို သူက ဝါရင့်ဆရာကြီး။တခုဆိုးတာက…..ငွေဘုံးဘောလအောပစ်သုံးတဲ့ သူတို့ဆရာ ဘော့စ်ကြီးက ပါတီဝင် မထောင်တော့ဘူးဆိုပါ့။ “ခုနှစ်ကိုယ်စားလှယ်‌လောင်းစပေါ်က ၅ သိန်း တောင်တင်ရတာ၊ဒို့ ၃ ဦးက ၁၅ သိန်းကျနေပြီ။‌ နောက်ထပ်‌ပေးလည်း အလွန်ဆုံးရ ၅၀/၆၀ ဘဲ။ “အရင်ကဘဲကြီးလွမ်းသကွာ” ဆိုနေချေသေး။ “ဟ…. မင်းညံ့တာ၊ အခုနှစ်လည်း ဟိုဘွားတော်က ငွေပေါဆိုကွ” ကျနော် ပြောတော့၊ ” “လူဆက်ရဖို့ကလိုသေးတယ်ကွ၊ အရင်ဟိုဘဲကြီးနဲ့တုန်းက၊ ဒို့‌တော‌ခေါင်းထွက်‌ဘုကြီး‌လေ၊ သူကအဆက်ရခဲ့တာ။ မင်း‌ပြောတဲ့ဘွားတော်ဆက်မိဖို့က၊ ဒို့ကိုင်တဲ့ပစ္စည်းချင်းမတူတော့မလွယ်ဘူး။” ပြန်ရှင်းပြတယ်။ဪ….ဂလိုကိုး ပေါ့။ အခုနှစ်ဆက်မိတဲ့ပါတီလည်း၊ အရင်ပုဂ္ဂိုလ်ကြီးကပဲတဆင့်ဆက် ပေးခဲ့တာဆိုတယ်။

ဒို့ကဝင်ပြိုင်ချင်လို့ပြိုင်တာ၊ အနိုင်မရဘူးဆိုတာသိပါတယ်။ ပြီး‌တော့ ဘာအမတ်မင်းမှလည်းမလုပ်ချင်ပါဘူးကွာ။ အဲ့လိုစိတ်ဓါတ်မျိုးငါ့မှာမရှိတာ မင်းသိသားဘဲကွ။‌ ရွေးကောက်ပွဲကာလ ၂ လ ၃ လအတွင်း ခတ်ထူထူ လေးရချင်လို့သာ တွဲလို့ရတဲ့သူချင်းတွဲလုပ်တာ။ ပွဲပြီးတော့နိုင်တဲ့သူ‌တွေ အမတ်မင်းလုပ်ကြပေါ့ကွာ၊ ငါကလည်းငါလုပ်နေကျ တွေလုပ်၊‌ ငါနေနေကျအတိုင်းဆက်နေသွားရုံ ပေါ့…..သူ့သဘောထားကိုအရှည်ကြီးဆက်ရှင်းပြသွားသေး။

ကျနော်ကဆက်စဉ်းစားမိတယ်။ ကျ‌နော့်သူငယ်ချင်းနိုင်ငံ‌ရေးလုပ်တာက….အောက်တိုဘာက နေဒီဇင်ဘာလကုန်လောက်အထိဘဲ ကြာတယ်။ သူ့အတွက် ပမာဏတခုအသုံးစရိတ်ရဖို့ သေချာတဲ့နိုင်ငံရေးဘဲ။ သူကမှ “နိုင်ငံရေးသမား” အစစ်။ အကန့်အသတ်နဲ့ အလုပ်တခုအဖြစ်လုပ်တာမှလား။ အရှုံးမရှိ၊ နစ်နာမှုမရှိ။ သူလုပ် နေကျသစ်ပွဲစားအလုပ်ကမှ အဆင်မသင့်တဲ့အကြိမ် ရှိအုံးမယ်။

အင်း ….အခုပွဲတော်ကြီးမှာ၊ “ဂျင်နရယ်ကျော်ကြီး” လို အမတ်လောင်းတွေအရေအတွက် ဘယ်လောက်များများ ပါဝင်ဆင်နွှဲကြမှာပါလိမ့်…။

ရေးသားသူ-မောင်မှိုင်း
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these