ပြည်မှာ စစ်မှုထမ်းမဲပေါက်သူတွေ အိမ်မှာမရှိပါက မိသားစုကို အရေးယူမှာဖြစ်ပြီးလူစားထိုးဝယ်ဖို့အတွက် ရပ်ကွက်ရုံးတွေက ပုံစံပြောင်းငွေညှစ်လာ
နိုဝင်ဘာ ၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အတွင်းမှာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းဖို့ အသက်အရွယ်ပြည့်မီသူတွေကို အုပ်စု၊ ရပ်ကွက်အလိုက် မဲနှိုက်ရာမှာ မဲပေါက်သူများကို ဆင့်ခေါ်စာနဲ့ ခေါ်ဆောင်တော့မယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေမှာ မဲပေါက်သူတွေကို အလှည့်ကျအနေနဲ့ ဆင့်ခေါ်စာကို နေအိမ်တွေကို ပို့ဆောင်တော့မှာဖြစ်ပြီး စာလက်ခံရရှိသူ မိသားစု၊ မိဘအနေနဲ့ ဆင့်စာနဲ့အတူ စစ်မှုထမ်းလူငယ်ကို ရပ်ကွက်ရုံးမှာ အပ်နှံရမှာဖြစ်ကာ နေအိမ်မှာ မရှိတာ၊ ပြည်ပသွားတာတွေ ရှိပါက အရေးယူခံရမယ်လို့ ဆင့်ခေါ်ခံရတဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
“မဲပေါက်တဲ့သူအိမ်မှာမရှိရင်၊ နိုင်ငံခြားသွားရင် လူအစားထိုးပေးရမယ်တဲ့ အစားထိုးမပေးရင် သူတို့ကို ငွေပေးရမှာ သူတို့လူဝယ်ပေးမယ် ငွေမပေးရင်အရေးယူခံရမှာ” လို့ ဆင့်ခေါ်ခံရသူမိသားစုဝင်တဦး က ပြောပါတယ်။
ယခင်စစ်မှုထမ်းအပတ်စဉ်တွေမှာ မဲပေါက်သူတွေကို ဆင့်ခေါ်တာမျိုးမရှိဘဲ ပေါ်တာဆွဲဖမ်းဆီးကာ သင်တန်းကိုပို့ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာတွေက စုပေါင်းကျသင့်ငွေအချိုးကျကို မျှပေးတာမျိုး လုပ်ဆောင်နေခဲ့တာလို့ ဆိုပါတယ်။
“အရင်ပေါ်တာဆွဲလို့ရသေးတော့ ခုလိုဆင့်ခေါ်တာမရှိဘူး တလကိုဘယ်လောက် အုပ်စုက စုထည့်ရင်ရတယ် ခုကမရတော့ဘူး။ စားလို့ဝသွားကြပြီထင်တယ်။ တချို့ကလေးတွေက ရွာမှာမရှိကြတော့ဘူး။ ကျန်ခဲ့တဲ့မိဘတွေကတော့ စိတ်ညစ်နေကြရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
အခုလိုပြောင်းလဲဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့မှန်ကန်မှုရှိတယ်လို့ ရပ်ကျေးထွေ/အုပ် အသိုင်းအဝိုင်းကပြောဆိုပြီး ငွေညှစ်တောင်းခံမှု နည်းစနစ်အမျိုးမျိုးရှိနေတယ်လို့ ဆိုပါတယ်။
“ဒီသတင်းက ဟုတ်ပါတယ် ပုံစံတမျိုးနဲ့လုပ်စားကြမယ်ထင်ပါတယ်။ ပေါ်တာဆွဲတာက လူသိပ်မရတော့ဘူးလေ။ အဲ့ဒါကြောင့် ခုလိုမဲပေါက်တဲ့သူတွေကို ခေါ်တာနေမယ်။ ခုတောင်ဈေးတွေကပေါက်နေပြီ ဆင့်ခေါ်စာ ပို့တဲ့အချိန် စစ်မှုထမ်းသူကိုမိသားစုကမအပ်နိုင်ရင် လူစားထိုးဖို့ ဈေးဘယ်လောက်။ လူစားမထိုးနိုင်လို့ ဦးစားပေး(၁)ပေါက်တဲ့သူက နောက်နံပတ်ကိုရွှေ့ချင်ရင် ပိုက်ဆံဘယ်လောက်။ မိအို/ဖအိုနဲ့နေတာမှန်ကန်ကြောင်း ထောက်ခံစာလုပ်ရင် ဘယ်လောက် ဆေးကျနဲ့ရွှေ့ချင်ရင် ဆိုင်းငံ့ (၂)နှစ်အတွက် ဈေးဘယ်လောက်ဆိုပြီး ဈေးတွေတောင်ပေါက်နေပြိီ” လို့ ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းကသူတဦး ကပြောပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဉ်တွေအတွက် တပ်သားသစ်ပြည့်မီဖို့ စစ်တပ်၊ ထွေအုပ်နဲ့ ပျူစောထီး၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တွေဟာ အဖွဲ့တွေခွဲပြီး အရပ်ဝတ်နဲ့ ဖမ်းဆီးကြတဲ့အတွက် အချင်းချင်း လူမှားဖမ်းတာ၊ ရိုက်နှက်တာတွေ ဖြစ်နေကြသလို ဒေသခံတွေအနေနဲ့လည်း ဖမ်းဆီးမှုတွေကို ကြောက်လန့်နေရတဲ့အတွက် လယ်ယာလုပ်ငန်းခွင် သွားလို့ဖို့ ခက်နေကြတယ်လို့ သိရပါတယ်။
ပုံစာ-ပြည်မြို့မှာ ဧည့်စာရင်းစစ်နေတဲ့ စစ်တပ်လက်အောက်ခံအဖွဲ့တွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကတွေ့ရစဉ်(ပုံဟောင်း-စစ်တပ်ထောက်ခံချန်နယ်)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay