ကံမတိုက်ပွဲ စစ်တပ်ဘက်က ၇ ဦးသေဆုံးပြီး PDF တပ်စုမှူး အပါ ၂ ဦးကျ၊

ဒေသခံအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရပြီး သရက်-ကံမလမ်းပိုင်း တံတားတစင်း ပျက်စီး

နိုဝင်ဘာ ၇၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာရဲစခန်း ကို ဒုတိယအကြိမ်သိမ်းပိုက်တဲ့ တိုက်ပွဲမှာ ဘန်ကာ ၄ ခုအထိသိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်လောက်အောက်ခံ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း က ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ ရေနံ့သာရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၂ နာရီ ၃၀ မိနစ်ကျော်ကြာချိန်မှာ စခန်းဘန်ကာ ၆ ခုအနက် ၄ ခုအထိသိမ်းနိုင်ခဲ့ပြီး ကျန် ၂ ခုကိုတိုက်ခိုက်ချိန်မှာ မြေပြင်အခြေအနေအရ ပြန်လည်ဆုတ်ခွါရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။

“ကျဆုံးရဲဘော်နှစ်ဦးရဲ့ သေဆုံးအလောင်းကို ပြန်ရခဲ့ပါတယ်။ သူတို့ကိုလည်း သဂြိုဟ်ပြီးစီးပါပြီ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ် က ဒို့ပြည် ကို ပြောပါတယ်။

ထိုးစစ်ဆင်တိုက်ပွဲအတွင်းမှာတော့ သရက်ခရိုင်တပ်ရင်း ၄ က အပတ်စဉ်-၅ ဆင်း တပ်စုမှူးရဲဘော်နေတိုး နဲ့ အပတ်စဉ်-၆ ဆင်း ဒုတပ်စိတ်မှူးရဲဘော် Lion တို့ ကျဆုံးသွားတဲ့အတွက် လေးနက်စွာ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာသို့ စစ်တပ်က ကပစ ၁၂ ရှိတပ်ဖွဲ့ဝင်တွေနဲ့ ကံမမြို့က တပ်ဖွဲ့ဝင်တွေကို ရေကြောင်း ကုန်းကြောင်းတို့ကနေ စစ်ကူပေးပြီး ပိတ်မိိနေတဲ့ တပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အုပ်ပုံကျေးရွာနေအိမ်တွေ မီးလောင်ခဲ့သလို ပုဇင်းနိမ့်ကျေးရွာမှာလည်း ရွာအတွင်းထိခိုက်မှုများရှိခဲ့ပြီး စုစုပေါင်း ဒေသခံပြည်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ တဦးမှာတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“မနေ့ညက ဗုံးနှစ်လုံးကြဲတာမှာ ရေနံ့သာက ပဒေသာဆေးဆိုင်ပေါ်ကိုတလုံးကျတယ်။ တလုံးက သစ်ငုတ်တထောင်ရွာက ဗာဂျီးနီးယားစက်ရုံအဟောင်းကြီးပေါ် တလုံးကျပျက်စီးသွားတယ်။ ညကလည်း ရွာတွေမှာ ကားတွေနဲ့ကင်းပတ်ပြီး စစ်သားတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ ပီဒီအပ်တွေ ရှိနိုင်မဲ့ထင်တဲ့နေရာတွေကို အကုန်လိုက်ပစ်တာ” လို့ ဒေသခံတဦးကလည်း ယနေ့မနက်ပိုင်းမှာ ဒို့ပြည် ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာတော့ ဆီဆုံကုန်းကျေးရွာနဲ့ သစ်ငုတ်တထောင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲတဲ့အတွက် သရက်-ကံမ လမ်းပိုင်းက အရေးပါတဲ့ တံတားတစင်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကပစ-၁၂ က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ညောင်ပင်သာကျေးရွာက ပြည်သူနေအိမ် ပျက်စီးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ရေးအခြေအနေဆက်လက်တင်းမာလျှက် ရှိပြီး ၊ ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း ခရီးသွားလာတာမလုပ်သင့်သေးကြောင်း သရက်ခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။

ပုံစာ-ကပစ-၁၂ က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ညောင်ပင်သာကျေးရွာနေအိမ်ပျက်စီး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

 

 

You may also like these