(ကဗျာခံစားမှု)
နိုဝင်ဘာ ၉၊ ၂၀၂၅။
ဒီကဗျာလေးကို ပထမဆုံး ဆုံဖူးစဥ်က ၇ တန်းကျောင်းသားအရွယ်ဖြစ်၏။ ကျနော့်ကိုရွတ်ပြခဲ့သည့်ပုဂ္ဂိုလ်က ကျနော့်ရဲ့အကိုအကြီးဆုံးဖြစ်ပါ၏။ ကျနော့်အကိုကြီးသည်စာအလွန်ဖတ်သူဖြစ်၏။
အကိုကြီးသည်ဆရာပီမိုးနင်း၏ စိတ်ပညာဆိုင်ရာစာအုပ်များကို ဝယ်ယူဖတ်ရှု၏။ စိတ်တန်ခိုး၊ ကိုယ့်ဒူးကိုယ်ချွန်အစရှိသဖြင့်တွေ့ရ၏။ ကျနော်မှတ်မိသလောက်ဆိုလျှင်တော့ ပီမိုးနင်းစာအုပ်မှန်သမျှ စီးရီးလိုက်ဖြစ်မည် ထင်၏။
ရွှေဥဒေါင်း၊ မြသန်းတင့်၊ မောင်သာရ၊ မင်းသိင်္ခစာအုပ်များကိုလည်းစာအုပ်အငှါးဆိုင်များမှ ငှါးယူဖတ်ရှုတတ်တာသတိရမိ၏။ ကျနော့်ကိုတော့ ကျောင်းတက်နေချိန်မို့ ဝတ္ထုစာအုပ်များမဖတ်သေးဖို့တားဆီးထား၏။ ကျနော့်ကို ပေးဖတ်သောစာအုပ်မှာ ဆရာနန္ဒာသိန်းဇံ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းဟူသော စာအုပ်ဖြစ်၏။
ကျနော်သည်မိသားစုတွင် အငယ်ဆုံးဖြစ်သည်မို့ မိခင်၏အလိုလိုက်ခြင်းကိုခံရသူဖြစ်၏။ အခါများစွာ အပျင်းထူ၏။ အိမ်အလုပ်ကိုလည်းပျင်း၏။ ကျောင်းစာကိုလည်းပျင်း၏။
ငပျင်းလေးကို ကိုကြီးက ဆုံးမသွန်သင်သောအားဖြင့် ကဗျာတစ်ပုဒ်သင်ပေး၏။ ပစောက်သည်ဖဦးထုပ်နားနီး၏။ ပျင်းပါများလာလျှင် ဖျင်းလာတတ်သည်ဟုဆုံးမ၏။ ဖျင်းလာလျှင် အဆံမပါသောစပါးကဲ့သို့ အဖျင်းဘဝဖြင့် စွန့်ပစ်ခံရတတ်သည်ဟုဆို၏။ သို့မို့ကြောင့် ကျနော့်စိတ်တွင်စူးဝင်နေသော အပျင်းကိုမြင်အောင်ကြည့်၍ သတိတရားတည်းဟူသောအပ်ဖြင့် ထွင်ရမည်ဟုဆို၏။ အပျင်းသည်ဆူးအဆင့်မို့အပ်နှင့်ထွင်က မနာကျင်သေးသော်လည်း၊ အဖျင်းဘဝရောက်လျှင် ပုဆိန်စာမိမယ်ဟုဆိုပြီး ဆရာမောင်သာရ၏ ၃ ကြောင်းကဗျာတစ်ပုဒ် ရွတ်ပြပါ၏။
“တော်လှန်ရေး”
ဆူးစူး၍လျှင်
အပ်နှင့်ထွင်သည်
အသင် ဘာပြောချင်သနည်း။
ဒီကဗျာရဲ့ဆိုလိုရင်းက တခြားအဓိပ္ပယ်တွေအများကြီး ရှိသေးတယ်၊ နောင်အသက်ကြီးလာတဲ့အခါ သိလာလိမ့်မယ်ဟုလည်း ဆိုခဲ့ပါသေး၏။
၂။
အခုတော့ ကဗျာလေးကို ရွတ်ပြရင်းကျနော့်အသက်အရွယ်အရ နားလည်လွယ်အောင်မိတ်ဆက်ပေးခဲ့သော အကိုကြီးကွယ်လွန်ခဲ့တာပင် ဆယ်စုနှစ်၂ခုစာ။
ကျနော်တို့တွေကိုယ့်ကိုကိုယ် သော်လည်းကောင်း၊ ပတ်ဝန်းကျင်တွင်သော်လည်းကောင်း”ထွင်”ပစ်လိုက်ရမယ့်ဆူးတွေ ဆူးတွေ။
အချို့သောအရာများသည် “အပ်”နှင့်ထွင်ရမည့်အဆင့်မဟုတ်တော့။ ပုဆိန်တွေရဲဒင်းတွေအထိ ရောက်နေပါပြီ။
တခါတရံတွင်း အသက်တွေဘဝတွေနှင့် ထွင်ယူရတဲ့ ဆူးတွေ ဆူးတွေ။
တခါတခါ ဒီကဗျာလေးကို တိုးတိုးလေးရွတ်နေမိ ပြန်တယ်။
“တိုက်လမ်း”
သူတို့ပျော်အောင်
ဘာလို့မျက်ရည်ကျနေမလဲ
မျက်ရည်သုတ်နေတဲ့လက်က
မောင်းချိန်ရခက်ပါတယ်။
မြစ်အောင်
အကိုကြီးရေ ကျနော် ကဗျာလေးတွေဖတ်တတ်နေပါပြီ။
ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay